သြဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုများကို နည်းပြ ဒေးဗစ်ဝက်ဂ်နာနှင့် မာနေတို့ ရရှိ

သြဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဆုများကို နည်းပြ ဒေးဗစ်ဝက်ဂ်နာနှင့် မာနေတို့ ရရှိ
(ဓာတ်ပုံ - ပရီးမီးယားလိဂ်)

သြဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးနည်းပြဆုကို ဟတ်ဒါဖီးလ်အသင်းနည်းပြ ဒေးဗစ်ဝက်ဂ်နာ၊ အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်မှ မာနေနှင့် အကောင်းဆုံးသွင်းဂိုးဆုကို ဘုန်းမောက်နောက်ခံလူ ဒင်နီယဲလ်တို့ ဆွတ်ခူးရရှိခဲ့ပါတယ်။

အင်္ဂလန်ပရီးမီးယားလိဂ်သို့ယခု ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ တန်းတက်လာခဲ့တဲ့ ဟတ်ဒါဖီးလ်အသင်းဟာ သြဂုတ်လအတွင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲမှာ နှစ်ပွဲနိုင်၊ တစ်ပွဲ သရေကျခဲ့ပြီး ပေးဂိုးမရှိဘဲ ရမှတ် ၇ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၃)နေရာအထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် အသင်းနည်းပြ ဝက်ဂ်နာမှာ မော်ရင်ဟို၊ ဂွါဒီယိုလာ၊ ယာဂန်ကလော့ပ်တို့ကို ကျော်ဖြတ်ပြီး ယခုဆုအား ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

သမိုင်းတလျောက် ပထမဆုံး ပရီးမီးယားလိဂ် အကောင်းဆုံးနည်းပြဆု ဆွတ်ခူးရရှိခဲ့တဲ့ ဒေးဗစ်ဝင်းနားမှ “ဒီဆုဟာ ကျနော့်အတွက်ဖြစ်ပေမယ့် အသင်းကလပ်တစ်ခုလုံးအတွက် ယူဆောင်လိုပါတယ်။ အထူးသဖြင့် ကျနော့်ရဲ့ ကစားသမားတွေအတွက်ပါ။ ကျနော်တို့ ကောင်းမွန်စွာ စတင်ခဲ့ပေမယ့် ဒါကို မမျှော်လင့်မထားခဲ့ပါဘူး။ ဒါက အစပဲရှိသေးပြီး လာမယ့်ပွဲစဉ်တိုင်းကိုလည်း အကောင်းဆုံးရလဒ်ရရှိအောင် ကျနော်တို့ စွမ်းဆောင်နိုင်ဖို့ကြိုးစားသွားပါ့မယ်။”လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သြဂုတ်လအတွက် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်အသင်းမှ တောင်ပံတိုက်စစ်ကစားသမား မာနေက ဆွတ်ခူးခဲ့ပါတယ်။ မာနေဟာ ဝက်ဖို့ဒ်၊ ပဲလေ့စ်၊ အာဆင်နယ်တို့နှင့် ကစားခဲ့တဲ့ ၃ပွဲမှာ ၃ဂိုးသွင်းယူခဲ့ပြီး ယခုအကောင်းဆုံးဆုကို လူကာကူ၊ မစ်ခီတာရီယန်၊ အသင်းဖော် ဆာလာတို့အား ကျော်ဖြတ်ပြီး ဆွတ်ခူးရရှိခဲ့တာလည်းဖြစ်ပါတယ်။

မာနေက "ကျနော်အသင်းဖော်အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ သူတို့ မရှိရင် ကျနော်ဟာ ဘာမှ လုပ်နိုင်မှာ မဟုတ်လို့ပါ။"လို့ ပြောခဲ့ပါတယ်။

အကောင်းဆုံးသွင်းဂိုးဆုကိုမူ ဘုန်းမောက်နောက်ခံလူ ဒင်နီယဲလ်က မန်စီးတီးအသင်ဘက်သို့ သွင်းယူခဲ့တဲ့ ဂိုးဖြင့် ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။ ဒင်နီယဲလ်ဟာ စတီဖင်ဝပ်၊ မားကို့စ်အလွန်ဆို၊ မာနေတို့ရဲ့ဂိုးတွေအပါအဝင်  သြဂုတ်လရဲ့ အကောင်းဆုံးဂိုး (၈) ဂိုးထဲက ရွေးချယ်ခံရတာဖြစ်ပါတယ်။

Ref; Premier League

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly