ဝက်ခြံအကြောင်း သိသင့်တဲ့အချက်ငါးချက်

ဝက်ခြံအကြောင်း သိသင့်တဲ့အချက်ငါးချက်

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ဝက်ခြံအကြောင်းသိသင့်တဲ့အချက်ငါးချက်

ဝက်ခြံဆိုတာဘာလဲ

ဝက်ခြံပေါက်တယ်ဆိုတာ ကြီးထွားဖွံ့ဖြိုးတဲ့ဖြစ်စဉ်မှာ ပုံမှန် ဇီဝကမ္မဗေဒ ကိစ္စတခုဖြစ်ပါတယ်။ ကလေးဘဝကနေ ကြီးကောင်ဝင်လာပြီ၊ လူပျိုဖော်အပျိုဖော်စဝင်လာပြီဆိုရင် ဝက်ခြံတွေ စထွက်လာပါပြီ။ သားတို့သမီးတို့ ငယ်ငယ်တုန်းက ပထမဆုံး ဝက်ခြံပေါက်တုန်းကဆိုရင် အဖေအမေဆီ၊ အကိုတွေအမတွေဆီ ဒါမှမဟုတ် သူငယ်ချင်းတွေဆီ ပြေးပြီး ဘာလုပ်ရမလဲလို့ အလန့်တကြား မေးကောင်း   မေးခဲ့ဖူးပါလိမ့်မယ်။ ဒါပေမယ့် အဲ့သလိုမျိုးတခြားသူတွေကို မမေးခင်၊ ဒါမှမဟုတ် ဝက်ခြံကို အားပါးတရညှစ်မထုတ်ခင်ဝက်ခြံနဲ့ ပတ်သက်ပြီးသားတို့ သမီးတို့ သိထားတယ်လို့ထင်ပေမယ့် မှားယွင်းနေတဲ့ အချက်ကလေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

အမှား။ ။ ဝက်ခြံပေါက်ရင် ညှစ်ထုတ်လိုက်တာ အကောင်းဆုံးပဲ။

အမှန်။ ။ မှန်ရှေ့ကနေ အခုခွာလိုက်ပါ။ တချို့လူတွေက မင်းကို ပြောပါလိမ့်မယ်၊ ဝက်ခြံပေါက်ရင် ညှစ်ထုတ်လိုက်တာပိုကောင်းတယ်၊ ဒါမှမသိသာတော့မှာ ၊မြန်မြန်သက်သာသွားမှာ စသဖြင့်ပေါ့။ ဒါတွေ အကုန်လုံးက အမှားတွေချည်းပါပဲ။ ဝက်ခြံကိုညှစ်တာ၊ ကလိနေတာ၊ ဆိတ်ဆွနေတာဟာ ရောဂါပိုးမွှားတွေကို မင်းရဲ့အရေပြားဟိုးအောက်ထဲကို အားပါးတရ ထိုးထည့်နေသလို ဖြစ်စေတာကြောင့် မသက်သာစေတဲ့အပြင် ပိုပြီးနီလာ၊ နာလာစေမှာဖြစ်ပြီး အခန့်မသင့်ရင် အနာဆိုးဆိုးရွားရွားတောင် ဖြစ်သွားနိုင်ပါတယ်။ ပြီးတော့ ဝက်ခြံညှစ်ခြင်းဟာ ဘယ်တော့မှ မပျောက်တော့မယ့် အမာရွတ်တွေကိုလည်း ဖြစ်စေမှာပါ။

တကယ်လို့ ဝက်ခြံပေါက်တာဟာ သားတို့သမီးတို့ အလှပြရမယ့် အခမ်းအနားတခုနဲ့ တိုက်တိုက်ဆိုင်ဆိုင်ကြီး ဖြစ်နေတယ်ဆိုရင် ဖေဖေမေမေတို့နဲ့ တိုင်ပင်ပြီး ပြနေကျ မိသားစုဆရာဝန် ဒါမှမဟုတ် အရေပြားနဲ့ အလှအပရေးရာဆရာဝန်နဲ့  ပြနိုင်ပါတယ်။ ဆရာဝန်က ကူညီပေးမှာပါ။

အမှား။ ။ စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်။

အမှန်။ ။ မနက်ဖြန် ဖြေရမယ့် စာမေးပွဲ ဒါမှဟုတ် နောက်အပတ်မှာ ကစားရမယ့် အားကစားပွဲကြီးဟာ သားတို့သမီးတို့ အသားအရေကို ဒုက္ခပေးမယ်လို့ စိုးရိမ်ပူပန်နေပါသလား။ မပူပါနဲ့။ ကလေးဘဝရဲ့ စိတ်ဖိစီးမှုလောက်နဲ့တော့ ဝက်ခြံမပေါက်ပါဘူး။ အကယ်၍ သားတို့ သမီးတို့ အနေနဲ့ တကယ့် အကြီးစား စိတ်ဖိစီးမှုတွေ ကြုံရတဲ့အခါကျရင် (ဥပမာ။။ အိမ်ပြောင်းရတာ၊ မိဘတွေ အိမ်ထောင်ရေး အဆင်မပြေတာ) သားတို့ သမီးတို့ ခန္ဓာကိုယ်ကနေ ဆီဘမ်(sebum)လို့ ခေါ်တဲ့ အဆီတမျိုးကို ပိုပြီး ထုတ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ တောင်ဝက်ခြံကျိန်းသေပေါက် ထွက်ပြီလို့ ပြောလို့ မရသေးဖူးနော်။

အမှား ။ ။ နေပူဆာလှုံရင် ဝက်ခြံပျောက်တယ်။

အမှန်။ ။ နေပူဆာလှုံတာနဲ့ ဝက်ခြံနဲ့ ဘာမှမဆိုင်ပါဘူး။ နေလောင်ပြီး ခဏလောက် အသားညိုသွားရင် ဝက်ခြံက သိပ်မသိသာတော့တာမျိုးတော့ ရှိတာပေါ့။ ဒါပေမယ့် နေလောင်တာပျောက်သွားပြီး အသားပြန်ဖြူလာရင် သားတို့သမီးတို့ရဲ့ ဝက်ခြံက ရှိနေဦးမှာပဲ။ ဒါ့အပြင် လုံလောက်တဲ့ အကာအကွယ်မပါဘဲ နေရောင်ထဲမှာ အကြာကြီး နေမယ်ဆိုရင် အသားအရေကို ခြောက်သွေ့ ထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ အသက်ကြီးလာတဲ့အခါ အရေးအကြောင်းတွေ ပေါ်လာတာ၊ အရေပြားကင်ဆာစတာတွေကိုပါ ဖြစ်ဖို့ အခွင့်အလမ်းက ပိုများလာမှာ အသေအချာပါပဲ။
သားတို့ သမီးတို့ အပြင်မထွက်ခင်တိုင်း SPF(Sun protection factor) အနည်းဆုံး ၃၀ ပါတဲ့ နေလောင်ခံ ခရင်မ်ကိုလည်း လိမ်းဖို့ မမေ့ကြပါနဲ့။ နေလောင်ခံ ခရင်မ်လိမ်းတဲ့အခါ ဝက်ခြံမဖြစ်စေပါ (nonacnegenic)လို့ ဗူးမှာ အမှတ်အသားပါတဲ့ ခရင်မ်ကို ရွေးလိမ်းကြပါ။ အဓိပ္ပာယ်က ချွေးပေါက်တွေကို မပိတ်စေတဲ့အတွက် ဝက်ခြံကို ပိုမဆိုးစေဖူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါ့အပြင် လှပပြီး မြင်သူတိုင်းငေးရမယ့် အသားအရေမျိုးကို ပိုင်ဆိုင်စေဖို့အတွက် အပြင်ထွက်တိုင်း ထွက်တိုင်းမှာ ဦးထုပ်ဆောင်းဖို့ ဒါမှမဟုတ် နေကာမျက်မှန်တပ်ဖို့ မမေ့ကြပါနဲ့။ ပြီးတော့ ကမ်းခြေမှာ ဒါမှမဟုတ် ရေကူးကန်ဘေးမှာ ခုံလေးချပြီးရုပ်ရှင်ထဲကလို နေပူဆာလှုံချင်တယ်ဆိုရင် သားတို့ သမီးတို့ သိထားရမှာက အဲ့ဒီလိုလုပ်တာက ပိုက်ဆံကုန်တယ်၊ ပျင်းဖို့ လည်းကောင်းတယ်၊ ပြီးတော့ အဓိကအချက်က ဒီလိုနေဆာလှုံတာဟာ အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းလည်း ပိုများတယ်ဆိုတာပါပဲ။

အမှား။ ။ မျက်နှာခဏခဏသစ်ရင် ဝက်ခြံမဖြစ်ဘူး။

အမှန်။ ။ မျက်နှာကို ပုံမှန်သစ်ပေးခြင်းဟာ မျက်နှာမှာရှိတဲ့ အညစ်အကြေးတွေ၊ ပိုလျှံနေတဲ့ အဆီတွေနဲ့ အရေပြားဆဲလ်အဟောင်းတွေကို ဖယ်ရှားပေးတဲ့အတွက် ယေဘုယျအားဖြင့် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး မျက်နှာ ခဏခဏသစ်တာ၊ မျက်နှာအရေပြားကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာတွေဟာ မျက်နှာအရေပြားကို ခြောက်သွေ့စေပြီး ပျက်စီးစေတဲ့အတွက် ဝက်ခြံကို ပိုဆိုးစေဖို့ ပဲရှိပါတယ်။

ဒါဆိုရင် အသားအရေ ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းက ဘာတွေလဲ။ ယေဘုယျအားဖြင့် မျက်နှာကိုတစ်နေ့ နှစ်ခါထက် ပိုမများစေဘဲ ဆပ်ပြာအပျော့စား ဒါမှာမဟုတ် မျက်နှာသစ်ဆေးနဲ့ ညင်သာစွာ သစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါမှာ မျက်နှာကို နူးညံ့တဲ့ မျက်နှာသုတ်ပုဝါလေးနဲ့ မျက်နှာကို အသာအယာ တို့ပေးရပါမယ်။ ဂျီးချွတ်ပွတ်တိုက်တာ သားတို့ သမီးတို့ရဲ့ ဝက်ခြံကို ပိုဆိုးစေတဲ့အတွက် ရှောင်ကြဉ်ရပါမယ်။ အရက်ပြန်ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေဟာလည်း အသားအရေကို ခြောက်သွေ့ထိခိုက်စေတဲ့အတွက် အသုံးမပြုသင့်ပါဘူး။

အမှား။ ။ ဝက်ခြံမထွက်ချင်ရင် မိတ်ကပ်မလိမ်းနဲ့။

အမှန်။ ။ ငယ်ရွယ်နုပျိုသူတွေအဖို့ မိတ်ကပ်မလိမ်းဘဲနဲ့လည်း ကြည့်လို့ကောင်းပါတယ်။ ဒါပေမဲ့ မိတ်ကပ်တွေ၊ အလှကုန်တွေ သုံးရတာကြိုက်တယ်ဆိုရင် “အဆီဓာတ်မပါဝင်ပါ”၊ “ချွေးပေါက်မပိတ်စေပါ”၊ ”ဝက်ခြံကိုပိုမဆိုးစေပါ” စတဲ့ အာမခံချက်ပါတဲ့ ပစ္စည်းတွေကိုသာ ရွေးချယ်ပါ။ တချို့ အလှကုန်ပစ္စည်းတွေမှာဆိုရင် ဝက်ခြံတွေကို ပျောက်ကင်းသက်သာစေတဲ့ salicylic acid နဲ့ benzoyl peroxideတို့တောင် ပါဝင်ပါသေးတယ်။ ဘယ်လိုအလှကုန်မျိုး ရွေးချယ်ရမလဲ မသေချာရင် ဆရာဝန်နဲ့တိုင်ပင်ပါ။

အမှား။ ။ ဝက်ခြံတွေ ပိုပိုထွက်လာရင် သက်သာသွားဖို့ သုံးနေတဲ့ ဝက်ခြံပျောက်ဆေးတွေကို များများပိုသုံးမယ်။

အမှန်။ ။ ”တန်ဆေးလွန်ဘေး”ဆိုတဲ့ စကားပုံကို ကြားဖူးပါသလား။ ဒီစကားပုံနဲ့ ဝက်ခြံပျောက်ဆေးနဲ့က ကွက်တိပါပဲ။ ဝက်ခြံတွေပျောက်ချင်ဇောနဲ့ ဆေးတွေကို ပမာဏအများကြီး ပိုသုံးရင် အသားအရေဟာ ခြောက်သွေ့ ထိခိုက်လာပါလိမ့်မယ်။ ဝက်ခြံပျောက်ဆေးကို ဆေးဆိုင်က ဝယ်သုံးတာပဲဖြစ်ဖြစ် ဆရာဝန်ညွှန်ကြားတာပဲဖြစ်ဖြစ် ဆေးညွှန်းကို တသွေမတိမ်းလိုက်နာပါ။ ဆေးဆိုင်မှာ ပုံမှန်ဝယ်သုံးလို့ရတဲ့ ဆေးတွေနဲ့ မသက်သာဖူးဆိုရင် ဖေဖေမေမေတို့နဲ့ တိုင်ပင်ပြီး မိသားစုဆရာဝန် ဒါမှမဟုတ် အရေပြားနဲ့ အလှအပရေးရာဆရာဝန်နဲ့ ပြပါ။ သူက လိုအပ်တာတွေကို ဆက်ပြီးညွှန်ကြားပါလိမ့်မယ်။ ဝက်ခြံပျောက်ဆေးသုံးတဲ့အခါ သိသာထင်ရှားတဲ့ ပျောက်ကင်းမှုရလဒ်ရဖို့ နှစ်လလောက်ထိြ ကာတတ်ပါတယ်။ လိုအပ်တာထက် ပိုပြီး အသုံးပြုရင် ကောင်းကျိုးမဖြစ်တဲ့အပြင် ဆိုးကျိုးတွေတောင်မှ ဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်နဲ့ မတိုင်ပင်ပဲ ဆေးပမာဏ တိုးတာ ကိုယ့်သဘောနဲ့ကိုယ် မလုပ်ရပါဘူး။

လူငယ်တွေ ဆယ်ကျော်သက်တွေအားလုံးဟာ ဝက်ခြံပြဿနာနဲ့ တစ်နေ့မဟုတ်တစ်နေ့ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မှန်ကန်ကောင်းမွန်တဲ့ ကုသမှုကို စနစ်တကျခံယူလိုက်ရင် ဝက်ခြံတွေပျောက်ကင်းသွားပြီး သင့်ရဲ့ အလှပဆုံးမျက်နှာလေးကို လူတွေရှေ့မှာ ဝင့်ကြွားဂုဏ်ယူစွာ ပြသနိုင်မှာပါ။

ဆောင်းပါးအား http://hellosayarwon.com မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly