လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်အဖွဲ့ရဲ့ စစ်ဝန်ကြီး သေဆုံးသွားဟု ရုရှ ပြောကြား

By AFP
08 September 2017
လေကြောင်းတိုက်ခိုက်မှုကြောင့် အိုင်အက်စ်အဖွဲ့ရဲ့ စစ်ဝန်ကြီး သေဆုံးသွားဟု ရုရှ ပြောကြား

 

စက်တင်ဘာ ၈ ။         ။ ဆီးရီးယားမှာ လုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အစ္စလမ္မစ်နိုင်ငံတော် အိုင်အက်စ်အကြမ်းဖက်အဖွဲ့ရဲ့ စစ်ရေးဝန်ကြီး ဆိုတဲ့ ထိပ်တန်းတပ်မှူးကြီးတစ်ဦးအပါအဝင် အဆင့်မြင့်အရာရှိကြီးအများအပြားကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ရုရှအစိုးရက စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

ယခု လေကြောင်းတိုက်ခိုက်မှုတွေမှာ သေဆုံးသွားတဲ့ အိုင်အက်စ်အဖွဲ့ဝင်တွေထဲမှာ ဆုငွေ ဒေါ်လာ ၃ သန်း အထုတ်ခံထားရတဲ့ Gulmurod Khalimov ဆိုသူလည်း ပါဝင်သွားကြောင်း ရုရှက ပြောပါတယ်။

 Khalimov ဟာဆိုရင် အိုင်အက်စ်အုပ်စုရဲ့ စစ်ဘက်ဝန်ကြီး အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်တယ်လို့သိရပြီး ၎င်းဟာ ယခင်က တာဂျစ်ကစ္စတန်ရဲ့ အဆင့်မြင့်စစ်တိုင်းမှူးတစ်ဦးဖြစ်ခဲ့ပြီးမှ အိုင်အက်စ်ဘက်ကို ပြောင်းရွှေ့ခိုလှုံသွားခဲ့သူ ဖြစ်ပါတယ်။

" ဆီးရီးယားမှာ လုပ်တဲ့ ရုရှ လေကြောင်းစစ်ပွဲမှာ အကြမ်းဖက်အဖွဲ့က ထိပ်တန်းတပ်မှူးကြီးတစ်ဦးပါအဝင် တပ်သား ၄၀ လောက်ကို ရှင်းပစ်လိုက်နိုင်ပါတယ်၊ အတည်ပြုထားတဲ့ အချက်အလက်တွေအရ သေဆုံးသူတွေထဲမှာ သြဇာရှိ တပ်မှူးတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်" ဆိုပြီး ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယခုလို ရုရှတို့ ပြောသလို Khalimov သေဆုံးသွားပြီဆိုတဲ့ သတင်းကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေလျက်ရှိကြောင်း တာဂျစ်ကစ္စတန်တာဝန်ရှိသူတွေကလည်း ပြောပါတယ်။

အိုင်အက်စ်အဖွဲ့မှာ အရေးပါဆုံး ရာထူးတစ်နေရာကို ယူထားခဲ့တဲ့ Khalimov ရှိရာနေရာကို သတင်းပေးနိုင်တဲ့သူ ဒါမှမဟုတ် သူ့ကို ဖမ်းပေးနိုင်တဲ့သူကို ဆုငွေဒေါ်လာ ၃ သန်းပေးမယ်လို့ ၂၀၁၆ က အမေရိကန်တို့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly