ကွမ်းနှင့်ဆေးရွက်ကြီး၏ ဆိုးကျိုးများ သိရှိစေရန် ဝေဒနာရှင်များ၏ ဗီဒီယိုဖိုင်များ မီဒီယာ ၅ ခု၌ ပြသမည်

ကွမ်းနှင့်ဆေးရွက်ကြီး၏ ဆိုးကျိုးများ သိရှိစေရန် ဝေဒနာရှင်များ၏ ဗီဒီယိုဖိုင်များ မီဒီယာ ၅ ခု၌ ပြသမည်

ရန်ကုန်၊စက်တင်ဘာ၈ ။         ။ ကွမ်းနှင့်ဆေးရွက်ကြီးသုံးစွဲမှုများ၏ ဆိုးကျိုးကို သိရှိပြီး ခံယူချက်များပြောင်းလဲစေရန် ရည်ရွယ်၍ ပညာပေးအစီစဉ်အဖြစ် ကွမ်းနှင့်ဆေးရွက်ကြီးရောဂါ   ဝေဒနာခံစားရသူများ၏ ရုပ်သံဖိုင်များကို မီဒီယာ(၅)ခုတွင် ပြသသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့စက်တင်ဘာ၈ရက်တွင် ရန်ကုန်မြို့ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အသိပေးခဲ့သည်။

အဆိုပါအစီစဉ်၌ ကွမ်းစားခြင်းနှင့်ဆေးရွက်ကြီးငုံခြင်းကြောင့် ရောဂါဖြစ်ပွားသူများ၏ ဝေဒနာခံစားရမှုများကို ပုံဖော်ထားသည့် စက္ကန့်၃၀စာ ရုပ်သံများ၊ အသံဖိုင်များပါဝင်သည်။

"အရင်တုန်းကတော့ ဒီလိုကွမ်းစားလို့ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်၊ စီးပွားရေးအတွက်အန္တရာယ်ရှိတယ် ၊ဆိုးကျိုးတွေရှိတယ်ပေါ့။ ဒါတွေကတွေ့ရခဲပါတယ်။ မီဒီယာတွေမှာ လူတွေကသိလို့ရှိရင်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့။ အသိတရားနဲ့ဆင်ခြင်ပြီးတော့ ခဏခဏတွေ့နေရရင် သူတို့ရဲ့ခံယူချက်နဲ့အလေ့အထတွေပြောင်းလာမှာပေါ့"ဟု ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ အလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းထွန်းကဆိုသည်။

မီဒီယာများအနေဖြင့် DVB၊ Skynet ၊MRTV ၊MRTV4 နှင့် မြန်မာ့အသံ တို့ ပါဝင်မည်ဖြစ်ပြီး  “နောင်တမရအောင်ကွမ်းရာကိုရှောင်" ဆိုသည့်အစီစဉ်အနေဖြင့် ပြသသွားမည်ဖြစ်သည်။

ယင်းပညာပေးအစီစဉ်ကို စက်တင်ဘာ ၁၁ရက်နေ့မှစ၍ ခြောက်ပတ်ကြာပြသသွားမည်ဖြစ်သည်။

"တစ်စ တစ်စကွမ်းရာကိုစားပြီးနောက်ပိုင်းစွဲသွားပါတယ်။ အခုလိုကျွန်တော့်လိုဝေဒနာမျိုးမခံစားရအောင် ကွမ်းယာကိုမစားကြပါနဲ့လို့ ပြောချင်ပါတယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ အခုလို သူများစားတာမြင်လည်း မစားနိုင်မသောက်နိုင်တဲ့ဘဝ ရေသောက်တာတောင်နာတဲ့ဘဝမျိုးမဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပါတယ်"ဟု ပါးစောင်ကင်ဆာရောဂါဖြစ်ပွားနေသူတစ်ဦးက ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောထားသည်။

အဆိုပါအစီစဉ်၌ပါဝင်သည့် ရုပ်သံနှင့်အသံဖိုင်များသည် ဇာတ်ညွှန်းဖြင့်ရိုက်ကူးထားခြင်းမဟုတ်ပဲ ဝေဒနာရှင်များကိုယ်တိုင်ပြောကြားထားခြင်းများဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဆေးလိပ်၊ အရက်၊ ကွမ်းနှင့်ဆေးရွက်ကြီးတို့ကို နိုင်ငံတော်အစိုးရအနေဖြင့် သုံးစွဲသူများလျော့ကျစေရန် အခွန်တိုးကောက်သင့်ကြောင်း ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ အလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် အသက်၁၅နှစ်အထက် အရွယ်ရောက်သူ၃၀ရာခိုင်နူန်းသည် ကွမ်းရာနှင့် ဆေးရွက်ကြီးများ စားသုံးနေကြသည်။

ထို့အပြင် ဆေးရွက်ကြီးကြောင့် တစ်နိုင်ငံလုံးတွင် နှစ်စဉ်သေဆုံးသူ ၆သောင်းကျော်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly