JICM အစည်းအဝေးထပ်မံခေါ်ယူရန် အပစ်ရပ်အဖွဲ့များ တောင်းဆို

JICM အစည်းအဝေးထပ်မံခေါ်ယူရန် အပစ်ရပ်အဖွဲ့များ တောင်းဆို

ချင်းမိုင် စက်တင်ဘာလ ၇ ။         ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့က ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုတွင် တူညီသော မဟာဗျူဟာတခုတည်းပူးပေါင်း တင်ပြသွားရန်နှင့်  NCA အကောင်အထည် ဖော်မှုဆိုင်ရာ အစည်းအဝေး (JICM) ထပ်မံ ခေါ်ယူရန် အပါအဝင် အချက် ၁၃ ချက်ကို သဘောတူချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၄ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပသော မဟာဗျူဟာ ညှိနှိုင်းရေးဆွဲရေး အစည်း အဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC)နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲ စောင့် ကြည့်ရေးကော်မတီ (JMC)တို့က လုပ်ဆောင်ထားသည့် မဟာဗျူဟာများ တင်ပြခဲ့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က  တစ်စုံတစ်ရာ ဆုံးဖြတ်ချက်ချနိုင်ခြင်း မရှိခဲ့ကြောင်း အစည်းအဝေးတွင် အကျိုးဆောင်တာဝန်ယူခဲ့သူ RCSS/SSA ၏ အကြံပေး ဦးခွန်ဆိုင်းက ပြောသည်။

“UPDJC ဆိုလို့ရှိရင် မဟာဗျူဟာရေးဆွဲထားတဲ့ဟာတွေက အပြီးသတ်ဆုံးဖြတ်နိုင်တဲ့အခြေအနေ မရောက်သေးတော့ သူတို့ ဖာသာဆွေးနွေးပြီးတော့ လာတင်ပြတယ်။ တင်ပြချက်ကို PPSTက ဆုံးဖြတ်ပေးတယ်။ ဘယ်လို ဆုံးဖြတ်တယ်ဆိုတာက သူတို့က ဒီမှာမပြောနိုင်ဘူး။ အစိုးရနဲ့တွေ့မှ ပြောနိုင်တဲ့ကိစ္စတွေပေါ့။ JMCလည်း ဒီအတိုင်းပါဘဲ။ သို့သော်လည်းဘဲ အစိုးရနဲ့ တွေ့ပြီဆိုရင် သူတို့ ပြင်ဆင်ထားရမှာကJICMအစည်းအဝေးခေါ်ဖို့နဲ့ လာမယ့် ပင်လုံနဲ့ ပတ်သက်လို့ သူတို့က ဘယ်လို ဖြစ်စေချင်သလဲဆိုတာ ညှိနှိုင်းဖို့ အဲဒါပါဘဲ”ဟု ဦးခွန်ဆိုင်းက သတင်းထောက်များကို ပြောသည်။

၎င်းတို့၏ တူညီသော မဟာဗျူဟာဆိုသည်မှာလည်း NCA ပေါ်တွင် အခြေခံသည့် မဟာဗျူဟာပင် ဖြစ်သည်။

“မဟာဗျူဟာက NCA ဘဲ NCA ကို လက်ဆုတ်လက်ကိုင်ထားရမှာ။ အဲဒါဘဲ။ ကျန်တဲ့ဟာက မဟာဗျူဟာ အစိတ်အပိုင်းတွေပေါ့။ အဲဒါတွေ သူတို့ ဆက်လုပ်သွားမယ့်ဒီ ၁၃ ချက်ထဲမှာဒါတွေပါတယ်”ဟု၎င်းကဆက် ပြောသည်။

အပစ်ရပ်အဖွဲ့၏ လိုဂို မည်သို့ ထားရှိရေးနှင့် လာမည့် အောက်တိုဘာလတွင် ပြည်တွင်းစစ်ကြာမြင့်စွာ ဖြစ်ခဲ့သော ကိုလံဘီယာနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ရေးကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

PPST ခေါင်းဆောင်ဗိုလ်ချုပ်ကြီးယွပ်ဆစ်ကလည်း NCA အရ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သယံဇာတ ပစ္စည်းစီမံခန့်ခွဲရေး စသည့် ခေါင်းစဉ် ၅ ချက်အပေါ် အပစ်ရပ် အဖွဲ့အစည်းများအနေဖြင့် သီးခြားစီ  တင်ပြခြင်းမဟုတ်ဘဲ အားလုံး စုပေါင်း၍ တင်ပြသွားရန် တိုက်တွန်းခဲ့သည်ဟု ဦးခွန်ဆိုင်းက ပြောသည်။

“ဥက္ကဌကြီး ယွပ်ဆစ် ပြောတာက ကျနော်တို့ရဲ့ မဟာဗျူဟာဟာ ကအန်စီအေဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နည်းဗျူဟာကတော့ ဆွေနွေးရမဲ့ ခေါင်းစဉ် ၅ ခုဖြစ်ပါတယ်။ ဒီတော့ အန်စီအေကို လက်ဆုတ်လက်ကိုင်ဆက်ထားပြီးမှ ဒီ ခေါင်းစဉ် ၅ ခု ကျနော်တို့ အရင်ကလို ကိုယ်ဖာသာကို တင်ပြတာမျုးိမဖြစ်စေချင်ဘဲ အားလုံး စုပေါင်းပြီးတော့ တင်ပြတာမျိုးဖြစ်နိုင်ရင် ကောင်းတယ်။ ဒီဥစ္စာကို လုပ်သွားဖို့လိုတယ်လို့ တိုက်တွန်းတယ်”ဟု သူက ဆက်ပြောသည်။

နိုင်ငံရေးအရ တန်းတူ အဆုံးအဖြတ်ပေးနိုင်သည့် JICMအစည်းအဝေးကို စက်တင်ဘာလ ၁၅ ရက်၊ ၁၆ ရက်များတွင်ပြုလုပ်ရန်  အပစ်ရပ်အဖွဲ့ ၈ ဖွဲ့က အဆိုပြုလိုက်သော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်ရှိသဖြင့် အစိုးရဘက်မှ ရက်ချိန်းမပေးသေးကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“JICMမှာ ထိုင်ခြင်းအားဖြင့် ကျနော်တို့ ၈ ဖွဲ့ရဲ့ တရားဝင်မှုနဲ့ ၈ ဖွ့ဲရဲ့ နိုင်ငံရေးအရ တန်းတူ စကားပြောတဲ့နေရာ JICMမှာဘဲ ရှိတယ်။ ဒါကို ရအောင် ခေါ်ပြီးတော့ အဲဒီမှာ ညှိလိုက်တယ်။ ဆွေးနွေးလိုက်တယ်။ သဘောတူလိုက်တဲ့ဟာက လမ်းညွန် လိုက်လို့ရှိရင် သေချာ အလုပ်ဖြစ်သွားတယ်။ အခုပိတ်ဆို့နေတဲ့ဟာတွေက JICM အဆင့်ကဘဲ ဆုံးဖြတ်လို့ရတယ်။ ဒီအဆင့်မဟုတ်ရင်ကျော်လို့ မရဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

ယခုကျင်းပခဲ့သော အစည်းအဝေးသို့  အပစ်ရပ် အဖွဲ့ ၈ ဖွဲ့မှ ခေါင်းဆောင်များအပါအဝင် ကိုယ်စားလှယ်  ၇၀ ကျော် တက်ရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags