မြောက်ကိုရီးယားကို စစ်ရေးတုံ့ပြန်ရန်မှာ ဦးစားပေးရွေးချယ်မှု မဟုတ်သော်လည်း စဉ်းစားသည့်အထဲ ပါဟု ထရမ့်ပြော

မြောက်ကိုရီးယားကို စစ်ရေးတုံ့ပြန်ရန်မှာ ဦးစားပေးရွေးချယ်မှု မဟုတ်သော်လည်း စဉ်းစားသည့်အထဲ ပါဟု ထရမ့်ပြော

 

ဝါရှင်တန်ဒီစီ၊ စက်တင်ဘာ ၈ ။                 ။ မြောက်ကိုရီးယားနိုင်ငံက အတည်ပြုပြောဆိုထားသည့် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုအား အမေရိကန်က တုံ့ပြန်ရာတွင် စစ်ရေးအရတုံ့ပြန်မှုကလည်း ဖြစ်နိုင်ခြေ ရှိနေကြောင်း သမ္မတ ထရမ့်က ပြောလိုက်သော်လည်း စစ်ရေးဖြင့် အရေးယူခြင်းသည် ၎င်း၏ ပထမဦးစားပေး ရွေးချယ်မှုတော့ မဟုတ်ကြောင်း ဆိုသည်။

“စစ်ရေးနဲ့ အရေးယူဖြစ်ဖို့ လမ်းကြောင်းမှာ ရှိနေတုန်းပါပဲ။ ဒီလမ်းကြောင်းကို ကျွန်တော်က မရွေးချင်ပါ။ ကျွန်တော် ပြောနိုင်တာကတော့ မြောက်ကိုရီးယားရဲ့ အပြုအမူဟာ ဆိုးဝါးတယ်။ ရပ်တန့်ဖို့ လိုတယ်။”ဟု အလည်အပတ်ရောက်ရှိသည့် ကူဝိတ်စော်ဘွားနှင့် ပူးတွဲသတင်းစာရှင်းလင်းရာတွင် သမ္မတ ထရမ့်က သတင်းထောက်များအား ဖြေကြားသည်။

တရုတ်နိုင်ငံကလည်း ပြုံယမ်းအစိုးရကို ထိန်းချုပ်လိုစိတ် ရှိနေသည်ဟု သမ္မတ ရှီကျင့်ဖျင်နှင့် တယ်လီဖုန်း ပြောဆိုခဲ့ပြီးနောက် ထရမ့်က စက်တင်ဘာ ၆ ရက်တွင် ပြောထားသည်။

“သမ္မတ ရှီကလည်း အရေးယူတာမျိုး တစ်ခုခု လုပ်လိုတယ်။ ကျွန်တော်တို့က သူ လုပ်နိုင်မလုပ်နိုင် စောင့်ကြည့်ရပါမယ်။”ဟု ထရမ့်က အဆိုပါ ဖုန်းပြောဆိုမှုအား ပြန်လည်ပြောကြားသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ခဲ့သော မြောက်ကိုရီးယားနိုင်ငံနှင့် စီးပွားရေး ကုန်သွယ်မှု ချိတ်ဆက်လုပ်ကိုင်နေသော မည်သည့်နိုင်ငံမဆိုအား အမေရိကန်၏ ကုန်သွယ်မှု ဖြတ်တောက်ရန်ကို စဉ်းစားသုံးသပ်နေသည်ဟု ထရမ့်က ဆိုသည်။ မြောက်ကိုရီးုယား၏ အဓိကစီးပွားဖက်နိုင်ငံမှာ တရုတ်ဖြစ်သည်။

အမေရိကန်နှင့် မဟာမိတ်များအပေါ် မည်သည့်ခြိမ်းခြောက်မှုမျိုးမဆို မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်လာမည်ဆိုပါက ကြီးမားသည့် စစ်ရေးတုံ့ပြန်မှုနှင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်က စက်တင်ဘာ ၃ ရက်တွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags