အမ်ဘတ်ပီကို ခေါ်ယူရန် အာဆင်နယ်အသင်း နီးစပ်ခဲ့ကြောင်း ဝင်းဂါး ပြော

အမ်ဘတ်ပီကို ခေါ်ယူရန် အာဆင်နယ်အသင်း နီးစပ်ခဲ့ကြောင်း ဝင်းဂါး ပြော
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်အသင်း နည်းပြဖြစ်သူ အာစင်ဝင်းဂါးက ပီအက်စ်ဂျီအသင်းမှာ စတင်ကစားတော့မယ့် အမ်ဘတ်ပီကို ပြီးခဲ့တဲ့လက ခေါ်ယူဖို့ နီးစပ်ခဲ့ကြောင်း ကြာသပတေးနေ့က ပြောဆိုခဲ့ပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ အမ်ဘတ်ပီဟာ ပြီခဲ့တဲ့ ရာသီက မိုနာကိုအသင်းမှာ ၂၆ ဂိုး သွင်းယူခဲ့ပြီး ဒီရာသီမှာ ပီအက်စ်ဂျီအသင်းထံသို့ ယူရို သန်း ၁၈၀ ဝယ်ယူခွင့်အပါအဝင် ကနဦး တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

"အမ်ဘတ်ပီနှင့် ကျနော်တို့ ပြီးခဲ့တဲ့နှစ်က ဆက်သွယ်မှုရှိခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ သူဟာ ကျနော်တို့ဆီ ရောက်လာဖို့ ပြီးခဲ့နှစ်ထက် ဒီနှစ်က ပိုပြီး နီးစပ်ခဲ့ပါတယ်။"လို့ နည်းပြ ဝင်းဂါးက ဘုန်းမောက်နဲ့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်လင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အမ်ဘတ်ပီကလည်း သူဟာ အာဆင်နယ်အသင်းရဲ့ ကမ်းလှမ်းမှုကြောင့် နည်းပြ အာဆင်ဝင်းဂါးနဲ့ အမှန်တစ်ကယ် တွေ့ဆုံခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး ပဲရစ်မှာပဲ ရှေ့ဆက် ရှိနေလို့တာကြောင့် အဆိုပါ အပြောင်းအရွှေ့ဟာ မထူးခြားခဲ့ကြောင်း ဝန်ခံ ပြောကြားထားပါတယ်။

ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကို လွှမ်းမိုးထားခဲ့တဲ့ မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီဟာ စက်တင်ဘာလ ၆ ရက်က ပီအက်စ်ဂျီအသင်းသားအဖြစ် ပရိသတ်တွေနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly