တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှု အလုံးစုံပြီးစီး

တောင်ကိုရီးယားတွင် THAAD ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှု အလုံးစုံပြီးစီး

ဆိုးလ်၊ စက်တင်ဘာ ၇ ။  ။ တောင်ကိုရီးယားတွင် အမေရိကန်နိုင်ငံက တည်ဆောက်သော ဝေဟင်ဧရိယာကာကွယ်ရေး THAAD တက်ဒ် ဒုံးခွင်းဒုံးစနစ် ဖြန်ကြက်တပ်ဆင်မှုသည် စက်တင်ဘာ ၇ ရက်၌ အလုံးစုံပြီးစီးပြီ ဖြစ်သည်။

နိုင်ငံ၏ ပိုင်နက်အတွင်း ဒုံးကျည်ကြားဖြတ်ပစ်ချသည့် interceptor လေးခုနှင့်အတူ တက်ဒ်ဒုံးခွင်းဒုံးစနစ် တပ်ဆင်မှုသည် ကန့်ကွက်သူများနှင့် ရဲတို့၏ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည့်ကြားက အပြီးသတ်ဖြန့်ကြက်တပ်ဆင်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ထိပ်တိုက်တွေ့မှုအတွင်း ဒဏ်ရာရသူ ဒါဇင်များစွာ ရှိခဲ့သည်။

ဒေသခံပြည်သူများက တက်ဒ်ဒုံးကျည်ကာကွယ်ရေးစနစ် တပ်ဆင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုဖြစ်လာနိုင်သကဲ့သို့ မြောက်ကိုရီးယား၏ တိုက်ခိုက်မှု တိုက်ရိုက်ပစ်မှတ် ဖြစ်လာနိုင်သည်ဟု စိုးရိမ်ကြလျက် ကန့်ကွက်ကြခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ အကြိမ်ကြိမ်လက်နက်စမ်းသပ်မှုများကြောင့် တောင်ကိုရီးယားအစိုးရက တက်ဒ်ဒုံးခွင်းဒုံးအား လောလောဆယ်ဖြန့်ကြက်ထားရှိရေးကို ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

"မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်မှုတွေကြောင့် လုံခြုံရေးခြိမ်းခြောက်လာနိုင်တာကို ကြိုတင်ပြင်ဆင်အနေနဲ့ အမေရိကန်က တည်ဆောက်ပေးတဲ့ တက်ဒ်ဒုံးကျည်ကာကွယ်ရေးစနစ်ကို အခိုက်အတန့်တော့ ဖြန့်ကြက်ထားရမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။"ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ တက်ဒ်ဒုံးကျည်စနစ်အတွက် လေတပ်အခြေစိုက်စခန်းသို့ ဒုံးပစ်လောင်ချာများ ယူဆောင်လာသည့်အချိန်တွင် လူ ၄၀၀ ခန့်က တားဆီးရန်အတွက် လူတန်းစီ ပိတ်ဆို့၍ ကန့်ကွက်ကြရာ ရဲအင်အား ၈၀၀၀ ခန့်ကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

တက်ဒ်ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရေးမှာ ခက်ခဲကျပ်တည်းမှုရှိသော်လည်း လိုအပ်၍သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း  ပြောရာ၌ တောင်ကိုရီးယား ဝန်ကြီးချုပ် လီနက်ယွန်က "မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်စီမံကိန်းတွေ ရန်က တောင်ကိုရီးယားပြည်သူတွေ အသက်နဲ့ လုံခြုံရေးကို ကာကွယ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။"ဟု ဆိုကြောင်း ယွန်ဟတ်သတင်းတွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly