ရခိုင်အရေးသည် နယ်မြေခွဲထွက်ရန် ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြော

ရခိုင်အရေးသည် နယ်မြေခွဲထွက်ရန် ရည်ရွယ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ပြော
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

စက်တင်ဘာ ၇ ။     ။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများမှာ ယခင်က လူ့အသိုက်အဝန်းနှစ်ရပ်အကြားရှိ ပဋိပက္ခမျိုးသာ ဖြစ်သော်လည်း ယခုဖြစ်စဉ်မှာ နယ်မြေသိမ်းပိုက်ခွဲထွက်ရန် ရည်ရွယ်၍ နည်းဗျူဟာများချမှတ်ကာ အကြမ်းဖက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တို့က ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများအား ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပွားနေသည့် ကိစ္စရပ် များနှင့်ပတ်သက်၍ စက်တင်တင်ဘာလ ၆ ရက်က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ARSA အကြမ်းဖက်အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အစိုးရဝန်ထမ်းများ၊ အစိုးရနှင့်ပူးပေါင်းသူများနှင့် ၎င်းတို့သြဇာခံမဟုတ်သူများ၊ အခြားဘာသာဝင်များနှင့် တိုင်းရင်းသားများအား သတ်ဖြတ်ခြင်းဖြင့် ယင်းနယ်မြေမှ တိုင်းရင်းသားများစွန့်ခွာသွားစေရန် ဆောင်ရွက်နေကြောင်း ထိခိုက်စေကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းက ပြောခဲ့ပြီး အစိုးရအနေဖြင့်  အကြမ်းဖက် တိုက်ခိုက်မှုမှန်သမျှကို ကာကွယ်တုံ့ပြန်သွားမည်ဖြစ်သည်ဟု ပြောသည်။

ထို့ပြင် ကမ္ဘာ့သတင်းမီဒီယာအချို့နှင့် လူမှုကွန်ယက်စာမျက်နှာများ၌ သတင်းမှားများ ရေးသားဖော်ပြခြင်း၊ ဖြန့်ဝေခြင်းတို့ကြောင့်  မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေပြီး၊ သတင်းမှားများသည် အကြမ်းဖက်သမားများအပေါ် ထောက်ခံပေးသကဲ့သို့ ဖြစ်သောကြောင့် မီဒီယာများအနေဖြင့် အခြေအနေမှန်များကို ဖော်ပြရေးသားကြရန် တိုက်တွန်းခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ  အကြံပြုချက်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် ပြည်ထောင်စုဝန်ကြီးအဆင့်ဦးဆောင်သည့် ကော်မတီသစ်တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်တွင်းပြည်ပမှ ထင်ပေါ်ကျော်ကြားသည့် ကျွမ်းကျင်သူများပါဝင်သည့် အကြံပေးဘုတ်အဖွဲ့တစ်ရပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အရေးပေါ်ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများကို   ဆောင်ရွက်ခဲ့ပြီး ပြည်နယ်အစိုးရနှင့် အတူပူးပေါင်းဆောင်ရွက်နေကြောင်း ၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထိရောက်စွာ ပေးအပ်နိုင်ရန် စီစဉ်နေကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly