ပျောက်ဆုံးတပ်မတော်ဂျက်လေယာဉ် သုံးရက်ကြာသည့်အထိ သတင်းမရသေး

ပျောက်ဆုံးတပ်မတော်ဂျက်လေယာဉ် သုံးရက်ကြာသည့်အထိ သတင်းမရသေး

ပုသိမ်၊ စက်တင်ဘာ ၇ ။      ။ တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် ပျောက်ဆုံးသည်မှာ သုံးရက်ကြာသည့်အထိ သတင်းမရသေးကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီးခင်မောင်လတ်က မဇ္ဈိမသို့ပြောသည်။

"သတင်းရတဲ့က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်အစပ် ရခိုင်ပြည်နယ် ဂွမြို့နယ်အစပ် အဲဒီနေရာတွေ တောက်လျှောက် တပ်ဖွဲ့ဝင်တွေ ရဲကင်း ရဲစခန်းတွေက သတင်းရယူစုံစမ်းနေပါတယ်၊ သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့မှူးအဖွဲ့ ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့လည်း ပုသိမ်မြို့နယ်အပိုင်ဖြစ်တဲ့ မကျီးစဉ်၊ ချိတ်လပ်တို့ သာပေါင်းမြို့နယ် မကျီးစဉ်၊ ချိတ်လပ် တို့ ကျေးရွာတွေမှာ ပြည်သူလူထုတွေရော၊   ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့အစည်းတွေကို သတင်းတွေပေးပြီး ထူးခြားမှု တစုံတရာတွေ့ရင် ကျွန်တော်တို့နဲ့ဆက်သွယ်ပြီး ဆောင်ရွက်နေပါတယ်။ အခုအချိန်အထိတော့ လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းအစအန မရသေးပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးခင်မောင်လတ်က ပြောသည်။

တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ် သုံးစီးသည် ဧရာဝတီတိုင်း၊ ပုသိမ်လေဆိပ်မှ ယနေ့ စက်တင်ဘာ ၅ရက်၊ နံနက်ပိုင်းက စတင်ကာ ပျံသန်းလေ့ကျင့်ခဲ့ပြီး အဆိုပါ G-4 ဂျက်လေယာဉ် ၃ စီး အနက် တစ်စီးမှာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  သတင်းထုတ်ပြန်ထားသည်။

လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ်သည် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်စဉ် နံနက် ၉နာရီ ၁၈မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆မိုင်ခန့်အကွာ၌ ုပုသိမ်လေဆိပ်နှင့် နောက်ဆုံး အဆက်သွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါပျောက်ဆုံးလျက်ရှိသည့် G-4 ဂျက်လေယာဉ်အား မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇွန် ၇ ရက်ကလည်း တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8 200 F အမျိုးအစား၊ လေယာဉ်အမှတ်-၅၈၂၀)တစ်စီး ပျက်ကျခဲ့ပြီး  စစ်သည်/မိသားစု ၁၀၈ဦးနှင့် လေယာဉ်အမှုထမ်း ၁၄ဦး၊ စုစုပေါင်း ၁၂၂ဦး အသက်ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly