မန်ယူနည်းပြအနာဂတ်မှာ ကန့်သတ်ချက်မရှိဟု မော်ရင်ဟို ပြောကြား

မန်ယူနည်းပြအနာဂတ်မှာ ကန့်သတ်ချက်မရှိဟု မော်ရင်ဟို ပြောကြား

စက်တင်ဘာ ၇၊ အင်္ဂလန် ။          ။ မန်ယူနည်းပြအနာဂတ်အတွက် ကန့်သတ်ချက်မရှိကြောင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် အလောတကြီးဆုံးဆောင်ရွက်သွားမည် မဟုတ်ကြောင်း နည်းပြမော်ရင်ဟိုက ပြောဆိုလိုက်သည်။

မန်ယူနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုထားသည့် မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီက ယူရိုပါလိဂ်ဖလားနှင့် လိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ပွဲဦးထွက်သုံးပွဲစလုံးအနိုင်ရထားကာ အမှတ်ပေးဇယားထိပ်တွင် ရပ်တည်လျက်ရှိသည်။ ထို့ကြောင့် မန်ယူအသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

“အဲ့ဒီအကြောင်းကို ကျွန်တော်မတွေးသေးပါဘူး။ ကျွန်တော်လိုချင်တဲ့အတိုင်းအတာအထိ အလုပ်လုပ်ဖို့အတွက် စာချုပ်သစ်ချုပ်ဖို့ မလိုအပ်ပါဘူး။ စာချုပ်သက်တမ်းကုန်ဆုံးသွားလည်း ပြဿနာမရှိပါဘူး။ ကျွန်တော်လည်း ကျွန်တော်လုပ်ချင်တာ လုပ်နိုင်သလို ကလပ်ကလည်း သူတို့လုပ်ချင်တာ လုပ်လို့ရပါတယ်။

အရင်တုန်းကတော့ မတူညီတဲ့နိုင်ငံတွေမှာ သွားပြီး နည်းပြလိုခဲ့ပါတယ်။ ချယ်လ်ဆီးကို စရောက်တုန်းကလည်း အဲ့ဒီမှာ နှစ် ၂၀ လောက်နေဖို့ စိတ်ကူးမရှိခဲ့ပါဘူး။ အီတလီနဲ့စပိန်ကိုသွားတော့လည်း အဲ့ဒီလိုပါပဲ။ အခု ကျွန်တော့်ကို ဂျာမနီနဲ့ပြင်သစ်ကို သွားမလားလို့မေးရင်.. ဘာကြောင့် နိုးလို့ ဖြေရမှာလဲ။

ဒါပေမဲ့ လက်ရှိအချိန်ကတော့ ကျွန်တော့်နည်းပြဘဝက အရင်နဲ့ခြားနားပါတယ်။ အင်္ဂလန်က ကျွန်တော့်စိတ်ကို အများကြီး ဆွဲဆောင်နိုင်တဲ့နေရာပါ။ ဒီမှာ အချိန်အကြာကြီးနည်းပြသွားလိုတယ်လို့ အခုအချိန်မှာ ကျွန်တော်ပြောနိုင်ပါတယ်” ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly