နိုုင်ငံတော် အတုုိင်ပင်ခံနှင့်မကြာမီတွေ့ဆုံလိုကြောင်း RCSS/SSA ဥက္ကဌ ပြောကြား

နိုုင်ငံတော် အတုုိင်ပင်ခံနှင့်မကြာမီတွေ့ဆုံလိုကြောင်း RCSS/SSA ဥက္ကဌ ပြောကြား

ချင်းမိုင်၊စက်တင်ဘာလ ၇ ။        ။ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့  မကြာမီ ရက်ပိုင်းအတွင်း နေပြည်တော်တွင် တွေ့ဆုံသွားရန်မျှော်လင့်ကြောင်း RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွပ်ဆစ်အား ဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ကြောင်း၊ တွေ့ဆုံမည့် ရက်အတိအကျကို  စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံတော် အတိုင်ပင်ခံ ရုံးက စာပေးပို့လာမှ သိရမည် ဖြစ်ကြောင်း သူက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကို ဖိတ်တာကို ကျေးဇူးတင်တယ်။ ကျနော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်။ ငြိမ်းချမ်းရေးပေါ့။ အန်စီအေ အတိုင်းဘဲ သွားဆွေးနွေးမယ်”ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

ထို့ပြင် တပ်မတော်မှ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း သူက ပြောသည်။

RCSS/SSA နှင့် ယခင်အစိုးရတို့အကြား အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူစာချုပ် ချုပ်ဆိုထားသော်လည်းမြေပြင်အခြေအနေတွင် အမြင်လွဲမှားမှုများ ရှိသဖြင့်  ဆွေးနွေးသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“စာချုပ် ချုပ်ထားပေမဲ့ သူတို့ တမျိုး၊ ကျနော်တို့ အမြင်က တမျိုး အဲဒီကိစ္စတွေ ဆွေးနွေးမယ်”ဟု ဗိုလ်ချုပ်ကြီး ယွပ်ဆစ်က ပြောသည်။

စက်တင်ဘာလ ၄ ရက်နေ့က RCSS/SSA မှ ဒုဗိုလ်မှူးကြီး စိုင်ငင်းက ရန်ကုန်တွင် တပ်မတော် တပ်မှူးတစ်ချို့အပါအဝင် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေး နှင့် တွေ့ဆုံကာ   ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံရန် အဆိုပြုခဲ့သည်ဟု သိရသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က RCSS/SSA သည် အစိုးရနှင့် ပြည်နယ်အဆင့် ပဏာမ သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags