သံထည်​​ရောင်​းဝယ်​​ရေးလုပ်​ငန်​းကို လုံခြံုရေးအရ သံသယရှိ၍ ရှောင်တခင်စစ်​​ဆေး

သံထည်​​ရောင်​းဝယ်​​ရေးလုပ်​ငန်​းကို လုံခြံုရေးအရ သံသယရှိ၍ ရှောင်တခင်စစ်​​ဆေး
ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန

ရန်ကုန်၊စက်တင်ဘာ၇ ။          ။ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ထားစဉ် သံထည်ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုကို လုံခြုံရေးအရ သံသယရှိ၍ ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်ဟု မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် မြောက်ဥက္ကလာမြို့နယ်၊ (ဋ)ရပ်ကွက်၊ ခေမာသီလမ်း၊ အမှတ်၂၄၅၊၂၄၆ တွင် ပုလင်းမျိုးစုံနှင့် သံထည်အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသောဦးရဲအောင်အိမ်သို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ထွေအုပ်၊ လဝက နှင့် ရပ်ကွက်တာဝန်ရှိ ပုဂ္ဂိုလ်များက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

"မင်္သကာစရာလူတွေ ရောက်လာတယ်ဆိုပြီးတော့ သူတို့ဘာသူတို့(လဝက)ရှာကြတယ်။ စစ်ဆေးတယ်။ စစ်ဆေးပြီး တရားရုံးကို ထပ်တင်ပေးလိုက်တယ်လေ။ သူတို့စစ်ဆေးလို့ပေါ်ပေါက်တဲ့လူတွေ အဲ့လိုရှိတာပေါ့။ ဥပမာ သက်ဆိုင်ရာအထောက်အထားခိုင်လုံတဲ့သူကို ထားခဲ့ပြီး မခိုင်လုံတဲ့သူက ခေါ်သွားတာပေါ့"ဟု မြောက်ဥက္ကလာရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြောက်ဥက္ကလာမြို့နယ် လူဝင်မှုကြီးကြပ်ရေး(လဝက)သို့ (၆)ကြိမ်တိုင်မဇ္ဈိမသတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့်စုံစမ်းဆဲဖြစ်သဖြင့် ဖြေကြား၍မရသေးကြောင်း ပြောသည်။

လူမှုကွန်ရက်မီဒီယာဖြစ်သည့် ဖေ့စ်ဘုတ်ပေါ်တွင် မြောက်ဥက္ကလာမြို့နယ်၊(ဋ)ရပ်ကွက်၊ ခေမာသီလမ်းမပေါ်တွင် လူစုလူဝေးတစ်ခု ဖြစ်ပေါ်ခဲ့ ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က သက်ဆိုင်ရာတာဝန်ရှိသူများ စစ်ဆေးနေသည်ကို ရပ်ကွက်နေသူများမှ လာရောက်ကြည့်ရှု့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်၊မန္တလေး၊ နေပြည်တော်မြို့များ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်နေသည့်သတင်းများရရှိထားပြီး မသင်္ကာဖွယ်လုပ်ဆောင်မှုများ၊ လူများတွေ့ရှိပါက နီးစပ်ရာ အုပ်ချုပ်ရေး၊ လုံခြုံရေးတာဝန်ရှိသူများအား အကြောင်းကြားရန် စက်တင်ဘာလ ၅ရက်နေ့၌ နိုင်ငံတော်၏အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ယနေ့ စက်တင်ဘာ ၇ ရက် မနက် ၁၀ နာရီခွဲအချိန်၌ တောင်ကြီးမြို့ သစ်တောရပ်ကွက်အနီးတွင် အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ပြီး ရဲစခန်းသို့ခေါ်ယူစစ်ဆေးရာ လက်လုပ်မိုင်းပြုလုပ်မည်ဟုယူဆရသော ကိရိယာများနှင့် သံတိုသံစများကို တွေ့ရှိခဲ့ရသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly