ထွက်ပြေးရောက်ရှိနေကြသည့် ကျောင်းသူ/သားများအား ကျောင်းတက်ခွင့်ပြုထား

ထွက်ပြေးရောက်ရှိနေကြသည့် ကျောင်းသူ/သားများအား ကျောင်းတက်ခွင့်ပြုထား
ဓါတ်ပုံ - မင်းမျိုးနွယ်/RiA

စစ်တွေ၊ စက်တင်ဘာ ၇ ရက်။        ။  နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ကြသည့် ရခိုင်တိုင်းရင်းသား ကျောင်းသူ/သားများအား ပညာသင်ကြားမှု အဆက်မပြတ်စေရန်အတွက် မြို့သုံးမြို့တွင်   ပြန်လည်ကျောင်းတက်ခွင့် ပြုထားလိုက်ကြောင်း သိရသည်။

အဆိုပါကျောင်းသားများမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ နေရပ်စွန့်ခွာကာ ရောက်ရှိလာနေ ကြသူများဖြစ်ပြီး ၎င်းတို့ရောက်ရှိနေကြသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့များတွင် လက်ရှိခိုလှုံနေကြသော ယာယီကယ်ဆယ်ရေးစခန်းများနှင့် အနီးစပ်ဆုံးကျောင်းများတွင် ပညာသင်ကြားခွင့် ပေးထားလိုက်ကြောင်း ရခိုင်ပြည် နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။

“ကျွန်တော်တို့ဆီကနေ အော်ဒါထုတ်ထားပါတယ်။ တစ်ပြည်နယ်လုံးမှာရှိတဲ့ကျောင်းတွေကို ဒီကလေးတွေ အတွက် ကျောင်းအပ်နှံပေးဖို့ပါ။ သူတို့တွေရဲ့ပညာရေးမထိခိုက်ရအောင်   ရောက်တာနဲ့ချက်ချင်း ကျောင်းတက်နိုင်အောင် လုပ်ပေးထားပါတယ်။ လက်ရှိမှာတော့ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့တွေမှာ ကျောင်းတက်နေကြပါပြီ။”ဟု ဦးအောင်ကျော်ထွန်းက ပြောသည်။

မြို့နယ်သုံးခုအတွင်း ယင်းကျောင်းသားများအား ယာယီနေထိုင်သည့် ကယ်ဆယ်ရေးစခန်းများနှင့် နီးစပ်ရာအခြေခံ ပညာ ကျောင်းများတွင် ပညာသင်ကြားခွင့်ပေးထားလိုက်ခြင်းဖြစ်ကာ ကျောင်းသားများ ကျောင်းအပ်နှံရေးအတွက် ကျောင်းပြောင်းလက်မှတ်နှင့် စာရွက်စာတမ်းအထောက်အထားများကိုလည်း တောင်းခံခြင်းမပြုဘဲ အရေးပေါ် ပညာသင်ကြားခွင့် ပေးထားခြင်းဖြစ်သည်။

“မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာတော့ တစ်မြို့နယ်လုံးက ကျောင်းတွေကို ပိတ်ထားလိုက်ရပါတယ်။ အဲဒီမှာ ကျောင်းအားလုံး ၄၀၀ ကျော်ပါတယ်။ ရသေ့တောင်မြို့နယ်မှာတော့ ၂၃ ကျောင်းပါ။ လက်ရှိမှာ ပညာသင်ကြားခွင့် ရပ်နားလိုက်ရတဲ့ ကျောင်းသားစုစုပေါင်းက ၁၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီကိုရောက်ရှိနေကြတဲ့ တိုင်းရင်းသားကလေး တွေကတော့ ကျောင်းပြန်တက်နေကြပါပြီ။”ဟု ဆက်လက်ပြောကြားသည်။

အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ သုံးမြို့နယ်အတွင်းမှ ပညာသင်ကြားခွင့် ရပ်နားလိုက်ရသည့် ကျောင်းသူ/သားပေါင်း ၁၅၀၀၀၀ ကျော်ရှိကာ မောင်တောမြို့နယ်တွင် ၈၀၀၀၀ ကျော်၊ ဘူးသီးတောင်မြို့နယ်တွင် ၇၀၀၀၀ ကျော်နှင့် ရသေ့တောင်မြို့နယ်တွင် ၁၀၀၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယင်းအပြင် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့ပေါ် ယာယီကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိနေကြသည့် ကျောင်းသူ/သားများအား ပညာသင်ကြားနိုင်ရန်အတွက် သက်ဆိုင်ရာအတန်းအလိုက် သင်ရိုးစာအုပ်များနှင့် ကျောင်းဝတ်စုံများကိုပါ ရခိုင်ပြည်နယ် ပညာရေးဌာနမှ ထောက်ပံ့ပေးထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly