သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှား၊ ပါတီရုံးချုပ်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်နေ

သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှား၊ ပါတီရုံးချုပ်တွင် အရေးပေါ်အစည်းအဝေးပြုလုပ်နေ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လက်ရှိဥက္ကဌဖြစ်သူ သူရဦးရွှေမန်းကို ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်ပြီး ယနေ့နေ့လည် သတင်းထုတ်ပြန်နိုင်ချေရှိသည်ဟု အမည်မဖော်လိုသူ ပါတီနှင့်နီးစပ်သူတစ်ဦးက အတည်ပြုပြောဆိုသည်။

ပါတီတွင်းရုတ်တရက်ထူးခြားမှုဖြစ်ပေါ်နေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရုံးချုပ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ကျင်းပနေသည်ဟုလည်း ပါတီတာဝန်ရှိသူတစ်ဦးက ဩဂုတ် ၁၃၊ နံနက် ၁၀နာရီ ၁၅မိနစ်တွင် မဇ္ဈိမကို အတည်ပြုသည်။

“CEC အစည်းအဝေးလုပ်နေတာပါ။ ကျန်တဲ့ကိစ္စတွေတော့ အစည်းအဝေးပြီးမှ သိရမယ်” ဟု ၎င်းက ပြောသည်။

သို့သော် အဆိုပါ အစည်းအဝေးတွင် ပါတီ၏ လက်ရှိဥက္ကဌဖြစ်သူ သူရဦးရွှေမန်းပါဝင်ခြင်းမရှိဟု ဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းက မဇ္ဈိမကို အတည်ပြုသည်။

“ပုံမှန်ပါပဲ ခင်ဗျ၊ အခု သူ့အိမ်မှာပဲ။ အစည်းအဝေးမှာတော့ မဟုတ်ပါဘူး” ဟု သူက ပြောသည်။

သူရဦးရွှေမန်းအား ပါတီဥက္ကဋ္ဌ ရာထူးမှ ဖယ်ရှားလိုက်သည်ဟူသည့် သတင်းထွက်ပေါ်နေမှုအပေါ် မေးမြန်းရာ “သူတို့ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်” ဟု ဦးတိုးနိုင်မန်းက ဆိုသည်။

ဩဂုတ် ၁၂ရက်နေ့ ညပိုင်းနှင့် ၁၃ရက် မနက်ပိုင်းအထိ ကြံ့ခိုင်ရေးပါတီရုံးချုပ်အတွင်း အိမ်စီးကား ၁၅စီးခန့်နှင့် ရဲကားတစ်ချို့ရှိနေသလို ရုံးချုပ်ရှေ့လမ်းမပေါ်တွင်လည်း စစ်ကားသုံးစီးခန့်မှာ အနည်းဆုံးသုံးကြိမ်တိတိ လှည့်လည်မောင်းနှင်နေသည်ကို မဇ္ဈိမသတင်းထောက်က မြင်တွေ့ခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှဝင်ရောက်ယှဉ်ပြိုင်ရန် တပ်မတော်အရာရှိမှ လတ်တလောအနားယူလိုက်သူ ၂၆ဦးပါဝင်ပြီး အစိုးရအဖွဲ့မှ ဝန်ကြီး၊ ဒုဝန်ကြီးပေါင်း ၄၆ဦးပါဝင်သည်ဟု ပါတီက ဩဂုတ် ၁၂တွင် ထုတ်ပြန်ထားသည်။

သို့သော် ကြံ့ခိုင်ရေးပါတီ၏ အမတ်လောင်းစာရင်းတွင် သမ္မတ ဦးသိန်းစိန်ပါဝင်ခြင်း မရှိခဲ့ပေ။

ရွေးကောက်ပွဲမပြိုင်ခြင်းမှာ သမ္မတဦးသိန်းစိန်၏ သဘောဆန္ဒသာဖြစ်ပြီး လက်ရှိမဲဆန္ဒနယ်ဖြစ်သော ဇဗ္ဗူသီရိမြို့နယ်အတွက် ဆယ်သွယ်ရေးဝန်ကြီး ဦးမြတ်ဟိန်းကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် ပါတီအတွက် အဆိုပြုပေးခဲ့သည်ဟု ပါတီ၏ အတွင်းရေးမှူး ဦးမောင်မောင်သိမ်းက ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင်ဝင်ပြိုင်မည့် တပ်မတော်အရာရှိများမှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးသူရသက်ဆွေ တို့အပြင် ဒုဗိုလ်ချုပ်ကြီးဝေလွင်၊ ဒုဗိုလ်ချုပ်ကြီးသောင်းအေး၊ ဒုဗိုလ်ချုပ်ကြီးစိုးသိန်း၊ ဒုဗိုလ်ချုပ်ကြီးလှမင်းတို့လည်း ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly