မိုးကောင်းမြို့တွင် ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွား

မိုးကောင်းမြို့တွင် ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွား

မိုးကောင်း၊ စက်တင်ဘာ ၇ ။           ။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ကြက်ဆီထမင်းစားရာမှ ကလေးလူကြီး(၁၅)ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု(၈)မိုင်မြို့ဟောင်းကျေးရွာ RC ဘုရားကျောင်းတွင် စက်တင်ဘာလ(၆)ရက်နေ့ မွန်းတည့် ၁၂ နာရီအချိ န်တွင် မယ်တော်မာရီယာမွေးနေ့ပွဲ၌ ကျွေးမွေးသော ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကြက်ဆီထမင်းနှင့် ဘာလချောင်ကြော်၊  ကြက်ရိုးစွန်ထန်ဟင်းရည် စားသောက်ရာမှ အစာအဆိပ်သင့်ပြီး မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်းဝေဒနာ ခံစားကြရသဖြင့် ကလေးလူကြီး ၁၅ ဦး မိုးကောင်း ပြည်သူ့ဆေးရုံသို့ ရောက်ရှိကုသမှု ခံယူခဲ့ရသည်။

"ဒီနေ့ပြု လုပ်တဲ့မွေးနေ့ဆုတောင်းပွဲကို လာရောက်သူ(၇၀)ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။ ကြက်ဆီထမင်းနဲ့ ဘာလချောင်ကြော်ကို ထမင်းဗူးနဲ့ထည့်ပြီးဝေပါတယ်။ ကြက်ရိုးစွန်ထန်ဟင်းရည်ကတော့ စားပွဲပေါ်မှာချ ထားပါတယ်။ လာရောက်တဲ့လူတွေ စားသောက်ကြပါတယ်။ စားသောက်ပြီး တစ်နာရီလောက်ကြာတော့ ဗိုက်အောင့်ပြီး မူးဝေအော့အန်ပါတယ်။ ဒါ အစာအဆိပ်သင့်တာလို့  ထင်ပြီး မိုးကောင်းဆေးရုံကို အုပ်စုလိုက်လာ တက်ကြတာပါ။ တချို့ကတော့ နီးစပ်ရာပြင်ပဆေးခန်းတွေမှာ ပြသပြီး ဆေးကုသမှု ခံယူကြပါတယ်"ဟု မိုးကောင်းဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှု ခံယူသူတစ်ဦးက ပြောသည်။

အဆိုပါ အစာအဆိပ်သင့်သူ ၁၅ ဦးကို ဆေးရုံအုပ်ကြီးက အရေးပေါ်ကုသမှု ပြုလုပ်ပေးပြီး ဖြစ်ပွားမှု အခြေအနေအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly