အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရွှေတိဂုံစေတီတော်နှင့် အာနန္ဒာဘုရားသို့ သွားရောက်ကြည်ညို

အိန္ဒိယဝန်ကြီးချုပ် မိုဒီ ရွှေတိဂုံစေတီတော်နှင့် အာနန္ဒာဘုရားသို့ သွားရောက်ကြည်ညို
Photo-သက်ကို

စက်တင်ဘာ ၇ ။             ။ မြန်မာနိုင်ငံသို့  အလည်အပတ်ခရီးရောက်ရှိနေသည့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည်  စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်ကို သွားရောက်ကြည်ညိုခဲ့သည်။

မိုဒီနှင့်အတူ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S Jaishanker နှင့် အိန္ဒိယသံအမတ်ကြီး Vikram Misri တို့လည်းလိုက်ပါခဲ့ကြသည်။

၎င်းတို့ကို တာဝန်ရှိသူများက လိုက်လံပြသခဲ့ကြပြီး ဘုရားဂြိုဟ်ထောင့်အသီးသီးရှိ ဗုဒ္ဓဆင်းတုတော်များရှေ့တွင်  ပူဇော်ဆုတောင်းခဲ့ကြသည်။ ယင်းနောက် ရွှေတိဂုံ အရှေ့ဘက်မုဒ်တွင် အမှတ်တရ ဗောဓိညောင်ပင် စိုက်ပျိုးခဲ့သည်။

ဝန်ကြီးချုပ်မိုဒီသည်    ယနေ့တွင် ကာလီ ဘုရားကျောင်းကိုလည်း သွားရောက်ခဲ့ဆုတောင်းခဲ့သည်။

စက်တင်ဘာ ၆ ရက်ကလည်း မိုဒီသည်  ပုဂံက အာနန္ဒာဘုရားကို သွားရောက်ကြည်ညို ခဲ့သည်။

 မြန်မာနိုင်ငံအနေဖြင့် ကြီးမြတ်သည့်  ဗုဒ္ဓ အမွေအနှစ်များ ကို ထိန်းသိမ်းစောင့်ရှောက်ထားနိုင်သည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံသည် မြင့်မြတ်သည့် မြေနေရာတစ်ခုအဖြစ် ရှိနေကြောင်းလည်း ယခုခရီးစဉ်အတွင်း မိုဒီက ပြောသွားခဲ့သည်။

အိန္ဒိယအနေဖြင့်လည်း ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာတို့အကြား တူညီသည့် အမွေအနှစ်များမှတဆင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မြဲစေရန် ကြိုးစားနေသလို မြန်မာနိုင်ငံတွင် နေထိုင်သည့် အိန္ဒိယလူမျိုးများသည်  နှစ်နိုင်ငံအကြား ပေါင်းကူးတံတားသဖွယ် ရှိနေသူများဖြစ်ကြောင်း ညွှန်းဆိုထားသည်။

ဟိန္ဒူနတ်ဘုရားအများစုတွင်  မြန်မာအမည်များပါဝင်နေကြောင်းလည်း  မိုဒီက ပြောဆိုသွားသည်။

ယခုခရီးစဉ်သည် ဝန်ကြီးချုပ်မိုဒီ၏ ဒုတိယအကြိမ်မြောက် မြန်မာခရီးစဉ်ဖြစ်ပြီး ၂၀၁၄ခုနှစ်က ပထမအကြိမ် လာရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly