မော်ရင်ဟိုနှင့် အာစင်ဝင်းဂါးတို့၏ ခြားနားမှုကို ပီတာချက် ထုတ်ဖော်ပြောကြား

မော်ရင်ဟိုနှင့် အာစင်ဝင်းဂါးတို့၏ ခြားနားမှုကို ပီတာချက် ထုတ်ဖော်ပြောကြား

စက်တင်ဘာ ၇၊ အင်္ဂလန် ။           ။ မော်ရင်ဟိုအောင်မြင်ရခြင်းမှာ အနိုင်ရလိုစိတ်ပြင်းထန်ခြင်းကြောင့်ဖြစ်ပြီး အာစင်ဝင်းဂါး၏အာဆင်နယ်တွင် ယင်းစိတ်ဓာတ်မျိုး လိုအပ်နေသည်ဟု အာဆင်နယ်ဂိုးသမား ပီတာချက်က ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းသို့ ၂၀၀၄ ခုနှစ်က ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ပီတာချက်သည်လည်း ယင်းနှစ်မှာပင် ချယ်လ်ဆီးသို့ရောက်လာခဲ့သည်။ ၎င်းတို့သည် ချယ်လ်ဆီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နှင့် အက်ဖ်အေဖလားတစ်ကြိမ် ရရှိခဲ့ကြသည်။

ထို့နောက် မော်ရင်ဟို ချယ်လ်ဆီးကို စွန့်ခွာခဲ့ပြီး ၂၀၁၃ တွင် ပြန်လည်ရောက်ရှိလာခဲ့သည်။ ဒုတိယအကြိမ်တွင်လည်း ပရီးမီးယားလိဂ်ဖလားနှင့် လိဂ်ဖလားတို့ ရရှိခဲ့ပြန်သည်။ ထို့နောက် ပီတာချက်မှာ ပြီးခဲ့သည့် ၂ နှစ်က အာဆင်နယ်သို့ ပြောင်းခဲ့သည်။

“ပေါ်တိုကနေ ချယ်လ်ဆီးကို မော်ရင်ဟိုရောက်လာတုန်းက အဓိက ယူဆောင်လာတာကတော့ အရှုံးကို လုံးဝလက်မခံတဲ့ စိတ်ဓာတ်ပါပဲ။ မော်ရင်ဟိုက ပရီးမီးယားလိဂ်မှာ ဒုတိယဆိုတာကို လုံးဝလက်မခံပါဘူး။ သူက အောင်ပွဲရဖို့ တစ်ခုတည်းကိုပဲ တွေးပါတယ်။ သရေပွဲတွေကို သူမုန်းပါတယ်။

သရေကျပြီး အဝတ်လဲခန်းထဲကို ကျွန်တော်တို့ဝင်လာရင် သူမကျေနပ်ပါဘူး။ မော်ရင်ဟိုက ၁-၀ နဲ့နိုင်နေရင် အနိုင်ရလဒ်ကို ထိန်းထားစေချင်ပါတယ်။ ဖြစ်နိုင်ရင် ငါးဂိုးလောက်ပြတ်သွားစေချင်ပေမယ့် အနိုင်ရလဒ်ကိုပဲ သူပိုပြီး အလိုရှိပါတယ်။

အာဆင်နယ်နဲ့ အနိုင်ရလိုစိတ်ပြင်းထန်မှုအပိုင်းမှာ ကွာခြားမှုရှိပါတယ်။ ကျွန်တော်တို့အာဆင်နယ်အသင်းက လှပတဲ့ဘောလုံးကစားဟန်နဲ့အနိုင်ရအောင် ကြိုးစားပါတယ်။ ဒါပေမယ့် အနိုင်ရလိုစိတ်ပြင်းထန်မှုပိုင်းမှာ အားနည်းပါတယ်။ ဒါကို အခုကစပြီး ကျွန်တော်တို့ပြောင်းလဲရပါမယ်” ဟု ပီတာချက်က ပြောဆိုခဲ့သည်။

မော်ရင်ဟိုသည် လက်ရှိတွင် မန်ယူအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေစေသလို ပြီးခဲ့သည့်ရာသီကလည်း ယူရိုပါလိဂ်ဖလားနှင့် လိဂ်ရှုံးထွက်ဖလားတို့ကို ရယူပေးခဲ့သည်။

ရည်ညွှန်း အိတ်ပရက်စ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly