ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ခိုင်လုံတဲ့ အထောက်အထားပြနိုင်မှ ပြန်ခေါ်မယ်လို့ ပြော

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူတွေကို ခိုင်လုံတဲ့ အထောက်အထားပြနိုင်မှ ပြန်ခေါ်မယ်လို့ ပြော
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း ထွက်ပြေးသွားသူတွေကို စိစစ်ပြီးမှ ပြန်ခေါ်မယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ဦးသောင်းထွန်းက ပြောကြားလိုက်ပါတယ်။

“ဟိုးယခင်က ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့အဖွဲ့တွေ ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ မိမိတို့ နိုင်ငံသားဖြစ်တယ်လို့ အထောက်အထားပြနိုင်ရင်သော်လည်းကောင်း၊ ဒီဘက်နိုင်ငံမှာ ဘယ်နှစ်နှစ်နေခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ရင်သော်လည်းကောင်း၊ အဲ့ဒါတွေ ကျွန်တော်တို့ စိစစ်ပါတယ်။ အဲ့ဒါတွေ စိစ်မှုပြီးတော့မှ တစ်ဦးချင်း စိစစ်ပြီးတော့မှ မှန်ကန်တယ်ဆိုရင်တော့ ပြန်ခေါ်ခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အဲ့ဒီအတိုင်း လုပ်ဖို့ ရှိပါတယ်” လို့ ဦးသောင်းထွန်းက ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်အခြေအနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦး မေးမြန်းတဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေကို နယ်မြေတည်ငြိမ်တဲ့အခါ ဘယ်လိုမူဝါဒမျိုးနဲ့ ပြန်ခေါ်မလဲဆိုတဲ့ မေးခွန်းအပေါ် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

သာဓက မပြနိုင်ဘူးဆိုရင်တော့ “ပြန်ခေါ်ဖို့ မဖြစ်နိုင်သေးပါဘူး” လို့လည်း ဦးသောင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေကြောင့် ရက်သတ္တပတ် နှစ်ခုလောက်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသူတွေဟာ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်လောက်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုကို အားမပေးဘဲ အေးချမ်းစွာ ဥပဒေနဲ့အညီ နေထိုင်လိုတဲ့ မူဆလင် ဘာသာဝင်တွေလည်း ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အဲ့ဒီဒေသကို ကိုယ်တိုင်သွားရောက်ခဲ့သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

အေးချမ်းစွာ နေထိုင်လိုတဲ့ မူဆလင် ဘာသာဝင်တွေအနေနဲ့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ဆက်သွယ်လာမှုတွေရှိတယ်လို့လည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

“ကျွန်တော်တို့ကို ဆက်သွယ်လာတဲ့ သူ(မူဆလင်)တွေ ရှိပါတယ်။ သူတို့ဟာ အကြမ်းလည်း လုံးဝ မလုပ်ပါဘူး။ အကြမ်းဖက် ကြောက်လို့တောင်မှ သူတို့ချင်း ပူးပေါင်းနေပါတယ်။ ဒီလို လူမျိုးတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ကျွန်တော်တို့ ဆက်သွယ်နေပါတယ်။ ဆက်သွယ်ပြီးရင် ဒါတွေ အားလုံးကို ကျွန်တော်တို့ ကူညီဖို့ ရှိပါတယ်” လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲအပြီး ညနေပိုင်းမှာတော့ အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တပ်မတော်ထိပ်တန်း ခေါင်းဆောင်တွေ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ “ခြံစည်းရိုးကာရန် ကျန်ရှိသည့် နေရာများကို အဆင့်မီ လုံခြုံစွာ အမြန်ဆုံး ကာရန်ခြင်းတို့ကို ချက်ချင်း ဆောင်ရွက်ရန်၊ ခြံစည်းရိုးကာခြင်းအတွက် လိုအပ်သည့် ဘဏ္ဍာငွေအား နိုင်ငံတော်အစိုးရက ချက်ချင်း ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း” ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly