အင်အားပြင်းဟာရီကိန်းအာမာ ကာရေဘီယန်၌တိုက်ခတ်ပြီး ပွေတိုရီကိုမြောက်ပိုင်းသို့ ဆက်လက်ရွှေ့လျား

အင်အားပြင်းဟာရီကိန်းအာမာ ကာရေဘီယန်၌တိုက်ခတ်ပြီး ပွေတိုရီကိုမြောက်ပိုင်းသို့ ဆက်လက်ရွှေ့လျား

 

မိုင်ယာမီ၊ အမေရိကန်၊ စက်တင်ဘာ ၇ ။                     ။ အတ္တလန်တိတ်သမုဒ္ဒရာအတွင်း၌ တိုက်ခတ်ခဲ့သောဟာရီကိန်းမုန်တိုင်းများထဲမှ သမိုင်းတစ်လျှောက် အကြီးမား ဆုံးဖြစ်သော အင်အားပြင်း ဟာရီကိန်းမုန်တိုင်း အာမာသည် ကာရေဘီယန်ဒေသ၌ တိုက်ခတ်ပြီးနောက်တွင် ပွေတိုရီကိုနိုင်ငံမြောက်ပိုင်းသို့ ဦးတည်ရွေ့လျားနေကြောင်း အမေရိကန် ဟာရီကိန်းစောင့်ကြည့်   လေ့လာရေး စင်တာ (NHC) က ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။

အာမာမုန်တိုင်း၏ဗဟိုချက်သည် ပွေတိုရီကိုမြို့တော် ဆန်ဟွမ်မြောက်ပိုင်းမှ မိုင်ပေါင်း ၅၀ခန့် ကွာဝေးသော အရပ်တွင်ရှိကြောင်း မီယာမီအခြေစိုက် NHC အဖွဲ့၏ ဒေသစံတော်ချိန် ည ၈ နာရီတွင် နောက်ဆုံးတိုင်းတာမှု အရ သိရသည်။

အာမာမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း၂၉၅ ကီလိုမီတာခန့်ဖြင့် အနောက်နှင့် အနာက်မြောက်ပိုင်း ဘက်သို့ ရွေ့လျားနေပြီး လေတိုက်နှုန်းမှာ ပိုမိုမြင့်တက်လာနိုင်ကြောင်း သိရသည်။

NHC ၏ ခန့်မှန်းချက်အရ အာမာမုန်တိုင်းဗဟိုချက်သည် ပွေတိုရီကိုမြောက်ပိုင်းကို ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ဖြတ်သန်းသွားပြီး ကြာသာပတေးနေ့တွင် ဟစ္စပန်နီယိုလာကျွန်း၏ ကမ်းရိုးတန်းပိုင်း ဘက်သို့ ဖြတ်သန်းတိုက် ခတ်သွားနိုင်ကာ ကြာသာပတေးနေ့ညနေပိုင်းတွင် တာ့ခ်နှင့် ကိုင်ကော့စ်ကျွန်းစုများနှင့် ဘဟားမားအရှေ့ တောင်ပိုင်းသို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။

ထို့နောက်တွင် ယင်းမုန်တိုင်းသည် ကျူးဘားနိုင်ငံမြောက်ပိုင်းသို့ ဦးတည်လာပြီး ယခုအပတ်အနှောင်းပိုင်းတွင် ဖလော်ရီဒါပြည်နယ်သို့ ရောက်နိုင်လာနိုင်ကြောင်း NHC အဖွဲ့က ကြေညာခဲ့သည်။

မုန်တိုင်းအာမာသည် အတ္တလန်တိတ်သမုဒ္ဒရာအတွင်း၌ တိုက်ခတ်ခဲ့သော ဟာရီကိန်းမုန်တိုင်းများထဲတွင် အကြီးမားဆုံးဖြစ်ကြောင်း NHC က ပြောခဲ့ပြီး ယင်းမုန်တိုင်းသည် ဆန်မာတင်ကျွန်းစုနှင့် ကာရေဘီယန်ဒေသရှိ တတိယအကြီးဆုံး လေဆိပ်ကိုတိုက်ခတ်ခဲ့သောကြောင့် ယင်းလေဆိပ်ရှိ လေယာဉ်ပြေးလမ်းနှင့် အဆောက် အဦးများ ပျက်စီးခဲ့ရသည်။

ပြင်သစ်အာဏာပိုင်များ၏အဆိုအရ ပြင်သစ်တို့ပိုင်သော နယ်မြေဖြစ်သည့် ဆန်မာတင်နှင့် ဆန်ဘာတိုလိုမီတို့၌ မုန်တိုင်းအာမာလက်ချက်ကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒါ့အပြင် NHC ၏အဆိုအရ မုန်တိုင်းအာမာသည် အင်အားပြင်းဟာရီကိန်းမုန်တိုင်းအဖြစ် ဆက်လက်ရှိနေပြီး ယင်းမုန်တိုင်းကြောင့် စနေနေ့အထိ မိုးရေချိန် ၂၀ မှ ၃၀ စင်တီမီတာခန့် ရွာသွန်းနိုင်ကာ အမြင့်ဆုံးမိုးရေချိန် အဖြစ် ၄၅စင်တီမီတာအထိ ရောက်ရှိနိုင်ကြောင်းသိရသည်။ ဒါ့အပြင် ကာရေဘီယန်ပင်လယ် အရှေ့မြောက်ပိုင်း၌ ၂မီတာမှ ၃ မီတာခန့်အထိမြင့်သော လှိုင်းလုံးများ ပေါ်ပေါက်လာနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly