တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ ဘင်္ဂလားဒေ့ရှ် နယ်စပ်အား ကျော်လွန်ပျံသန်းမှုမရှိဟု ထုတ်ပြန်

တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ ဘင်္ဂလားဒေ့ရှ် နယ်စပ်အား ကျော်လွန်ပျံသန်းမှုမရှိဟု ထုတ်ပြန်
တပ်မတော်လေယာဉ်ဖြင့် ရခိုင်ပြည်နယ်သို့ ထောက်ပံပစ္စည်းများ ပို့ဆောင်နေစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေပြည်တော်(စက်တင်ဘာ ၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ တပ်မတော်(လေ)မှ ရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သုံးကြိမ် ကျော်လွန်ပျံသန်းခဲ့ကြောင်း စွပ်စွပ်ချက်နှင့်ပတ်သက်ပြီး မဟုတ်မှန်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ထုတ်ပြန်လိုက်သည်။

“တပ်မတော်(လေ)မှ ပျံသန်းခဲ့သည့် ရဟတ်ယာဉ်များကို စစ်ဆေးမှုများပြုလုပ်ခဲ့ရာ လေသူရဲ၏ GPS Track Log အရ နယ်စပ်မျဉ်းနှင့် မီတာ ၅၀၀ အကွာအဝေးတွင်သာ ပျံသန်းခဲ့ကြောင်း၊ အလားတူ သြဂုတ် ၂၇ ရက်တွင် ရဟတ်ယာဉ်ပျံသန်းခဲ့သည့် လမ်းကြောင်းများအရ နယ်နိမိတ်မျဉ်း၏ ဝ.၄ မိုင်အကွာတွင်သာ အတက်/အဆင်းပြု လုပ်ခဲ့သဖြင့် နယ်နိမိတ်အား ကျော်လွန်ပျံသန်းခဲ့ခြင်းမရှိကြောင်းနှင့် သြဂုတ် ၂၈ ရက်တွင် လည်း တပ်မတော်(လေ)မှ ရဟတ်ယာဉ်များဖြင့် နယ်နိမိတ်မျဉ်းအနီးပျံသန်းခဲ့ခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်” စက်တင်ဘာ ၆ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှ ရဟတ်ယာဉ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၃ ကြိမ်ကျော်လွန်ပျံ သန်းခဲ့ကြောင်းနှင့် သြဂုတ် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင်လည်း လေကြောင်းပိုင်နက်ကျော်လွန်ပျံသန်းခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ စက်တင်ဘာ ၁ရက်က ကန့်ကွက်စာ ပေးပို့ထားခြင်းဖြစ်သည်။

အဆိုပါ ကန့်ကွက်စာနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ စစ်သံမှူး ဗိုလ်မှူးချုုပ် အောင်ဇော်ဦးက ဘင်္ဂလားဒေ့ရှ် တပ်မတော်မှ တာဝန်ရှိသူများထံ ရှင်းလင်းခဲ့ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းခဲ့ပြီးဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဖြစ်စဉ်အမှန်ကို နိုင်ငံတော်သမ္မတရုံးသို့ စက်တင်ဘာ ၂ရက်က ရှင်းလင်းတင်ပြထားခဲ့ပြီးလည်း ဖြစ်သည်။

အထက်ပါကိစ္စနှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စွပ်စွဲခဲ့မှုအပေါ် တပ်မတော်(လေ)မှ ရဟတ်ယာဉ်များ သည် ဘင်္ဂဘားဒေ့ရှ်နိုင်ငံ၏ နယ်စပ်သို့ ကျော်လွန်ပျံသန်းခဲ့မှုမရှိခဲ့ကြောင်း အများပြည်သူ ထင်မြင်လွဲမှားမှု မရှိစေရေး သတင်းထုတ်ပြန်အပ်ပါသည်ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly