မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာ ချထားပေးမည်ဟု မိုဒီ ကြေညာ

မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာ ချထားပေးမည်ဟု မိုဒီ ကြေညာ

အိန္ဒိယနိုင်ငံသို့ လာရောက်လိုသည့် မြန်မာနိုင်ငံသားများအတွက် တရားဝင်အခမဲ့ဗီဇာ ချထားပေးမည်ဟု စက်တင်ဘာ ၆ ရက်က ဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ကြေညာသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် နှစ်ဦးပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် မိုဒီဖက်က ယင်းသို့ ကြေညာခြင်းဖြစ်သည်။

“အိန္ဒိယကို လာမယ့် မြန်မာနိုင်ငံသား အားလုံး ဗီဇာလျှောက်ရာမှာ အခမဲ့ လျှောက်ထားနိုင်ခွင့် ပေးဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပြီဆိုတာကို ကြေညာပေးရတာ ကျွန်တော်အတွက် ဝမ်းသာစရာပါ။”ဟု မိုဒီက ဆိုသည်။

ထိုပြင် အိန္ဒိယက အကျဉ်းထောင် အသီးသီးတွင် ထောင်ကျနေသည့် မြန်မာနိုင်ငံသား ၄၀ ကို ပြန်လွှတ်ပေးရန်လည်း ဆုံးဖြတ်ထားကြောင်း ၎င်းက ဆိုသည်။

“ဒီထောင်ကျ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်ရောက်ပြီး မိသားစုနဲ့ မကြာမီ တွေ့ရတော့မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု ဝန်ကြီးချုပ် မိုဒီက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကြား မြန်မာနိုင်ငံဖက်မှ အိန္ဒိယနိုင်ငံက ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း မိုဒီက ခိုင်ခိုင်မာမာ ပြောဆိုသည်။

“အနာဂတ်မှာ အပြန်အလှန်အကျိုးရှိတဲ့ ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးကို ဖော်ဆောင်ဖို့ ကျွန်တော်တို့တွေ အတူတူ လက်တွဲသွားမယ်ဆိုတာကို ကျွန်တော် ယုံကြည်ထားတယ်။”ဟု မိုဒီက ပြောသည်။

အစောပိုင်းက မိုဒီသည် “မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး အားထုတ်မှုတွေမှာ ကျွန်တော်တို့ ပါဝင်သွားမှာ ဖြစ်တယ်။”ဟု ဆိုထားသည်။

အိန္ဒိယ၏ အရှေ့မျှော်ဝါဒအရ အပြင် အိမ်နီးချင်းနိုင်ငံလည်းဖြစ်သဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးသည် အိန္ဒိယအတွက် ဦးစားပေးတစ်ရပ်ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly