ကျောက်မီးသွေးစက်ရုံ ခွင့်ပြုမိန့်မယူထားသည့်အတွက် အရေးယူရန်အဆို မွန်လွှတ်တော် အတည်ပြု

ကျောက်မီးသွေးစက်ရုံ ခွင့်ပြုမိန့်မယူထားသည့်အတွက် အရေးယူရန်အဆို မွန်လွှတ်တော် အတည်ပြု

မော်လမြိုင်၊ စက်တင်ဘာ ၆ ။       ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ MCL မှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၀) မဂ္ဂါဝပ် (၂) လုံးအားစက်ရုံတည်ဆောက်ရန် ခွင့်ပြုမိန့် ရယူထားခြင်းမရှိသည့် အတွက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို မွန်ပြည်နယ်လွှတ်တော်က  ယနေ့ အတည်ပြုခဲ့သည်။

စက်တင်ဘာလ ၆ ရက်၊ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၊ တတိယနေ့၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက စက်တင်ဘာ ၅ ရက်နေ့တွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ယင်းအဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်ဒုဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးတို့က ၎င်းအဆိုကိုလွှတ်တော်မှ အတည်ပြုနိုင်ရန် ထောက်ခံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ဒီအဆိုတင်သွင်းရတဲ့ ရည်ရွယ်ချက်က ဒီမိုကရေစီစနစ်ရဲ့ အဓိကကျောရိုးဖြစ်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာစေဖို့အတွက်ပဲဖြစ်တယ်”ဟု   ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောဆိုသည်။

ယင်းအဆိုကိုလွှတ်တော်မှ အတည်ပြုနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များကိုသဘောဆန္ဒကို မေးမြန်းခဲ့ရာတွင် မွန်ဝန်ကြီးချုပ်က ကန့်ကွက်ခဲ့သဖြင့် မဲခွဲဆုံးဖြတ်ခဲ့ရာထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၇ မဲနှင့် ပယ်မဲ ၄ မဲရရှိခဲ့သောကြောင့် မွန်ပြည်နယ်လွှတ်တော်ကယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေး၌ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တင်သွင်းခဲ့သည့် MCL ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၀) မဂ္ဂါဝပ် နှစ်လုံးအားစက်ရုံတည်ဆောက်ထားမှုနှင့် ပတ်သက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က  “သူက (MCL) တစ်ခြားပေးမယ်ဆိုရင် ခွင့်ပြုမိန့်တောင်းရမယ်၊ တစ်ခြားကိုမပေးဘူးဆိုရင် ခွင့်ပြုချက် တောင်းစရာမလိုဘူး၊ ဒါပေမယ့်် သူကဘာလုပ်ရလဲဆိုရင် စက်မှုကြီးကြပ်ရဲ့ခွင့်ပြုချက်တော့ ယူရတယ်၊ အခုဟာက စက်မှုကြီးကြပ်ရဲ့ ခွင့်ပြုချက်ကိုယူထားတယ်၊ စက်မှုကြီးကြပ်ကလည်း ခွင့်ပြုထားတယ်” ဟု လွှတ်တော်အစည်းအဝေးအပြီး၌ သတင်းမီဒီယာများမေးမြန်းစဉ်က ဖြေကြားခဲ့သည်။

အဆိုပါ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်နေမှုကို ဒေသခံပြည်သူများ အကြိမ်ကြိမ်ဆန္ဒပြ ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်မှာ သုံးကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။

မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌက အဆိုပါစက်ရုံသည် လျှပ်စစ်ဝန်ကြီးဌာနသို့ လျှပ်စစ်ဥပဒေအရ ခွင့်ပြုချက် တင်ပြတောင်းခံရယူထားတာ မရှိသေးကြောင်း သူ့လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

“MCL ဘိလပ်မြေစက်ရုံ၊ လျှပ်စစ်ဝန်ကြီးဌာနမှ ယနေ့ထိ ခွင့်ပြုချက်မရသေးဘူးဆိုတာ သိလိုက်ရပါတယ်။ မွန်ပြည်နယ်လွှတ်တော် စီမံကိန်းနှင့် စီးပွားရေးဆိုင်ရာရေးရာ ကော်မတီတောင်းဆိုချက်အရ   ပြည်ထောင်စု ဝန်ကြီးဌာနဆီသို့ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓာတ်အား 40MW ထုတ်ယူသည့် ကိစ္စနဲ့ ပတ်သက်ပြီး စာပေးပို့မေးမြန်းခဲ့ရာ ဒီနေ့ လျှပ်စစ်ဝန်ကြီးဌာနမှ ပြန်လည် အကြောင်းကြားစာ ပေးပို့ခဲ့ပါတယ်၊ အကြောင်းပြန်ကြားစာအရ MCL ဘိလပ်မြေစက်ရုံမှ လျှပ်စစ်ထုတ်ယူသုံးစွဲရေးနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနထံမှ ဒီနေ့ထိ လျှပ်စစ်ဥပဒေအရ ခွင့်ပြုချက် တင်ပြတောင်းခံရယူထားတာ မရှိသေးကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ အသုံးပြုနေသည့် ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ယနေ့အချိန်ထိ ရေးသားဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်လိုအပ်ချက်အတွက် ကျောက်မီးသွေးစက်ရုံ ၁၀ ရုံထက်မနည်း လည်ပတ်ရန် လျာထားသည်။

ကျောက်မီးသွေးစက်ရုံများမှ ထုတ်လွှတ်သည့် အမှုန်များနှင့် သတ္တုများသည် လူကို အဆိပ်သင့်စေပြီး  အဆုတ်၊ သွေး၊ ဦးနှောက်၊ ကလေးသူငယ်တို့တွင် ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်သည်။

အဆုတ်နှင့်ဆိုင်သော အဆုတ်ကင်ဆာ၊ ပန်းနာရင်ကြပ်၊ အဆုတ်ယိုယွင်းခြင်း၊ ကလေးတွင် အဆုတ်ဖြစ်ပေါ်မှု ပုံမမှန်ခြင်းနှင့် သွေးနှင့်ဆိုင်သော ယောင်ရမ်းခြင်း၊    သွေးခဲမှုမြင့်တက်ခြင်း၊  သွေးတိုးခြင်းများ ဖြစ်ပေါ်စေနိုင်သည်။

ထိုပြင် ဦးနှောက်နှင့်ဆိုင်သော လေဖြတ်ခြင်း၊ ဦးနှောက်မှတ်ဉာဏ်ကျခြင်း၊ ပင်မဦးနှောက် အာရုံကြောရောဂါ၊ နှလုံးနှင့်ဆိုင်သော အမောဖောက်ခြင်း၊   နှလုံးခုန်နှုန်းပြောင်းလဲခြင်း၊     နှလုံးနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပေါ်စေနိုင်ကာ ကလေးသူငယ်များတွင် ပေါင်မပြည့်သော ကလေးများမွေးဖွားခြင်း၊ သန္ဓေသားကြီးထွားမှု ပုံမမှန်ဖြစ်ခြင်း၊ လမစေ့ဘဲမွေးခြင်း၊ စိတ်ပိုင်း၊ ခန္ဓာပိုင်းဆိုင်ကြီးထွားမှု ပုံမှန်မဟုတ်ခြင်းများအပြင် အမျိုးသားများတွင် မျိုးပွားမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်တတ်ကြောင်း မကြာသေးခင်ကမှ  မြန်မာပြည်တွင်း  ပြည်သူ့ကျန်းမာရေးဆိုင်ရာ     ကျောက်မီးသွေးအန္တရာယ် အစီရင်ခံစာကို Green Peace အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly