ရခိုင်ကိစ္စ နောက်ကွယ်မှာ ပါကစ္စတန် ISI နဲ့ ISIS တို့ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်း

ရခိုင်ကိစ္စ နောက်ကွယ်မှာ ပါကစ္စတန် ISI နဲ့ ISIS တို့ ပတ်သက်မှု ရှိ၊ မရှိ စုံစမ်း
နေပြည်တော်မှာ စက်တင်ဘာ ၆ရက်က ပြုလုပ်တဲ့ ရခိုင်ပြည်နယ် အခြေအနေဆိုင်ရာ သတင်းစာရှင်းလင်းပွဲ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(စက်တင်ဘာ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ပါကစ္စတန် ထောက်လှန်ရေးအေဂျင်စီ(ISI)နဲ့ အစ္စလာမ်မစ်စစ်သွေးကြွ(ISIS) တို့ ပါဝင် ပတ်သက်မှု ရှိ၊ မရှိကို မြန်မာအစိုးရအနေနဲ့ စုံစမ်း၊ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါပြီ။

ဩဂုတ်လ ၂၅ရက်က ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှာ ISI နဲ့ ISIS တို့ ပါဝင်ပတ်သက်မှု ရှိထားတယ်လို့ မဇ္ဈိမသတင်းဌာနက မနေ့က ရေးသားဖော်ပြခဲ့တဲ့ အထောက်အထားတွေနဲ့ ပတ်သက်ပြီး စုံစမ်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“ARSA ဆိုတာ ပြည်ပအကူအညီနဲ့ ပြည်ပအားကိုးနဲ့ လုပ်တယ်ဆိုတာ အားလုံး ပေါ်လွင်နေတာ ဖြစ်ပါတယ်။ မဇ္ဈိမသတင်းမှာပါတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့က စုံစမ်းမှုတွေလည်း လုပ်နေပါတယ်။ သေချာ သိရှိတဲ့အခါကျရင် အသိပေးပါ့မယ်” လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက နေပြည်တော်မှာ ဒီကနေ့ စက်တင်ဘာ ၆ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၃ နဲ့ ၂၄ ရက်တို့မှာ ARSA အဖွဲ့ရဲ့ စစ်ရေးတပ်ခွဲမှူးချုပ် Hafiz Tohar ရဲ့ ဖုန်းခေါ်ဆို ဖြေကြားမှုသုံးကြိမ်ကို ကြားဖြတ်ဖမ်းယူထားခဲ့တယ်ဆိုပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်   ထောက်လှမ်းရေးတွေရဲ့ ပြောကြားချက်ကို မဇ္ဈိမက ဖော်ပြခဲ့တာပါ။

ဒီဖုန်းခေါ်ဆိုမှု သုံးခုစလုံးကို ဘင်္ဂလားဒေ့ရှ်ရော၊ အိန္ဒိယထောက်လှမ်းရေး အဖွဲ့တွေပါ တစ်ပြိုင်နက်တည်း ဖမ်းယူရရှိခဲ့တာဖြစ်ပြီး ဖော်ထုတ် သိရှိချက်တွေအရ ARSA နဲ့ ယင်းတို့ နောက်ကွယ်ကနေ ပံ့ပိုးသူ(ISIS နဲ့ ISI)တို့ဟာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ကော်မရှင်ရဲ့ ထောက်ခံချက်တွေကို အကောင်အထည်ဖော်မယ့် ဝန်ကြီးအဆင့် ကော်မတီထူထောင်မယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ ရပ်တည်ချက်ကို ပျက်ယွင်းစေဖို့ ဆုံးဖြတ်လုပ်ဆောင်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်လို့ မဇ္ဈိမက စုံစမ်းရေးသားခဲ့တာ ဖြစ်ပါတယ်။

“ကမ္ဘာမှာ ဆီးရီးယားတို့ ဘာတို့မှာ ISIS ရဲ့ အခြေအနေက ကျဆင်းလာပြီ ဖြစ်တဲ့အတွက် ဒီဘက်ကို လာဖို့ရှိတယ်။ ဥပမာအားဖြင့် ဖိလစ်ပိုင်မှာ ဝင်တိုက်တာ ရှိတယ်။ အဲ့တော့ မြန်မာနိုင်ငံမှာ ဒီလို အခြေအနေဖြစ်လာရင် အခွင့်ကောင်းယူနိုင်တယ်။ သတိလေး ထားကြပါဆိုပြီး ကျွန်တော်တို့ကို သတိပေးတာတွေ ရှိပါတယ်” လို့လည်း ဦးသောင်းထွန်းက ပြောပါတယ်။

 

ဘူးသီးတောင်၊ မောင်တောဒေသတွေကို နိုင်ငံတကာက ပိုမိုအာရုံစိုက်လာဖို့နဲ့ ARSA အကြမ်းဖက်သမားတွေကို ထောက်ခံမှု တိုးမြှင့်ရရှိလာဖို့ ရည်ရွယ်ဖို့ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံက မြို့ကြီးတစ်ချို့မှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရထားတယ်လို့လည်း တပ်မတော်ကော အစိုးရကပါ မနေ့က အသီးသီး ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ပဋိပက္ခတွေဖြစ်နေတဲ့ ရခိုင်ပြည်မြောက်ပိုင်းကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပြီး တပ်အင်အားနဲ့ ရဲအင်အားလည်း တိုးချဲ့ ချထားပါတယ်။

“ရခိုင်ကိစ္စ နောက်ကွယ်မှာ ပါကစ္စတန် ISI နဲ့ အကြမ်းဖက်အုပ်စု ISIS တို့ ရှိနေဟုဆို” ဆိုတဲ့ ခေါင်းစဉ်နဲ့ မဇ္ဈိမက ဖော်ပြခဲ့တဲ့ သတင်းအပြည့်အစုံကို http://www.mizzimaburmese.com/article/31626 မှာ ဖတ်ရှုနိုင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly