သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေး ယနေ့ကျင်းပမည်ဟုဆို

သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ အရေးပေါ်အစည်းအဝေး ယနေ့ကျင်းပမည်ဟုဆို

ရန်ကုန် (မဇ္ဈိမ) ။ ။ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်ကို ရဲများဝန်းရံသည်ဟု သတင်းထွက်ပြီးနောက် သြဂုတ် ၁၃ရက် နံနက် ၈နာရီခန့်တွင် သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့ အထူးအရေးပေါ် အစည်းအဝေး ခေါ်မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီရုံးချုပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

အထူးအစည်းအဝေးတွင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း နှင့် ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းကို ဖိတ်ကြားထားခြင်း မရှိဟု သိရသည်။ 

သြဂုတ် ၁၂ရက် ညပိုင်းတွင် နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးချုပ်ကို ရဲများ ဝန်းရံသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး အစိုးရအဖွဲ့ ဒုဝန်ကြီးများကို ည ၁၀နာရီခန့်တွင် ဘတ်စ်ကားတစ်စီးဖြင့် ကြံ့ခိုင်ရေးပါတီ ရုံးချုပ်သို့ ခေါ်ဆောင်လာခဲ့သည်ဟု သိရသည်။ 

ည ၁၂နာရီခန့်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ VIP ကားတစ်စီး ရုံးချုပ်ရှေ့ ရောက်ရှိလာပြီး နှစ်ပေခန့်ရှိသည့် အထုတ်တစ်ထုတ်ကို ဂိတ်ပေါက် လုံခြုံရေးကိုပေးကာ ပြန်ထွက်သွားသည်ကို တွေ့ရသည်။ 

ကြံ့ခိုင်ရေးပါတီရုံးချုပ်ထဲတွင် သြဂုတ် ၁၃ရက် နံနက် ၁နာရီကျော်ကတည်းက တွေ့နေရသည့် အိမ်စီးကားနဲ့ ရဲကားများအနက် ရဲကား ၂စီး နှင့် လူစီးကား ၆စီးခန့်သည် နံနက် ၂နာရီကျော်တွင် ရုံးချုပ်ထဲမှ ပြန်ထွက်သွားကို တွေ့မြင်ရသည်။ နံနက် ၃နာရီတွင် အိမ်စီးကားတစ်ဦး ရုံးချုပ်အတွင်းမှ ထပ်မံ ထွက်သွားသည်ကို တွေ့ရမြင်ရသည်။

ယခု (၀၃:၀၀နာရီ)အချိန်ထိ ရုံးချုပ်ထဲတွင် ရဲကားနှစ်စီးရှိနေတာကို မဇ္ဈိသတင်းထောက်က မြင်တွေ့ရပြီး လူစီးကားတစ်ချို့လည်း ရှိနေပါသေးသည်။ 

နံနက် ၀၁:၀၀ နာရီခန့်က ပါတီရုံးချုပ်ရှေ့ စစ်ကား သုံးစီးဖြတ်မောင်းသွားပြီး ရဲကား ၄စီးခန့်လည်း ရုံးချုပ်ရှေ့က လမ်းပေါ်တွင် နှစ်ကြိမ်တိတိ ဖြတ်မောင်းသွားခဲ့သေးသည်။

ယင်းအပြင် ယာဉ်ပိုင်ရှင်အမည်တွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟု ရေးသားထားသော လူစီးကားတစ်စီးလည်း ပါတီရုံးချုပ်ရှေ့တွင် ရပ်ပြီး ကားပေါ်ရှိ လူနှစ်ဦးက နှစ်ပေခန့်ရှည်သော အိပ်ယာလိပ်ဟု ယူဆရသည့် အထုပ် နှစ်ထုပ်ကို ရုံးချုပ်ဂိတ်ရှိ လုံခြုံရေးများကို သွားရောက်ပို့ဆောင်ခဲ့သည်ကို တွေ့ရသည်။

မဇ္ဈိမသတင်းထောက် နောက်ဆုံးသတင်းပေးပို့သည့် နံနက် ၃နာရီ အချိန်ထိ ရုံးချုပ်အရှေ့တွင် သတင်းထောက်များ ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly