မောင်တောတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များအား လုပ်သေနတ်ဖြင့် တိုက်ခိုက်ခံရ

မောင်တောတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များအား လုပ်သေနတ်ဖြင့် တိုက်ခိုက်ခံရ
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ စက်တင်ဘာ ၆ ။          ။ ယနေ့ မနက်ပိုင်းက မောင်တောမြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို ARSA အကြမ်းဖက်များ လုပ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် ဂျင်းတောကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမား ၁ဝ ဦး ခန့်က  လုပ်သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့သောကြောင့်  ၎င်းအကြမ်းဖက်သမားများက နေအိမ်များအား မီးရှို့ထွက်ပြေးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုအပြီးတွင် အကြမ်းဖက် အလောင်း တစ်လောင်းနှင့် လုပ်သေနတ် တစ်လက်တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုစတင်ဖြစ်ပွားသည့် သြဂုတ် ၂၅ မှစတင်ကာ တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး  သေဆုံးခဲ့ကာ နိုင်ငံ့ဝန်ထမ်း ၂ ဦး၊ ဒေသခံ ၂၈ ဦး စုစုပေါင်း ၄၃ ဦး သေဆုံးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စာရင်းများမှ သိရသည်။

အလားတူ ARSA အကြမ်းဖက်သမား ၃၇၁ ဦး အသေရရှိခဲ့ကာ ၃၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်မှ ထုတ်ပြန်ထားသည်။

ထို့ပြင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရခိုင်မြောက်ပိုင်းရှိ ကျေးရွာပေါင်း (၅၉) ရွာ၊ အိမ်အလုံးရေ ( ၆၈၄၂) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား (၈ ) စင်း မိုင်းထောင် ဖျက်ဆီးခြင်း ခံခဲ့ရကာ စက်တင်ဘာ ၅ ရက်နေ့ အထိ နေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦး ရှိနေပြီ ဖြစ်သည်။

မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာ အပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly