အင်အားပိုမိုကောင်းလာသည့် ဟာရီကိန်းမုန်တိုင်းအာမာ ကာရေဘီယန်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား

အင်အားပိုမိုကောင်းလာသည့် ဟာရီကိန်းမုန်တိုင်းအာမာ ကာရေဘီယန်ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား

 

မိုင်ယာမီ၊ အမေရိကန်၊ စက်တင်ဘာ ၆ ။                      ။ မုန်တိုင်းအဆင့်သတ်မှတ်ချက် ၅ ရှိသော ဟာရီကိန်းမုန်တိုင်းအာမာသည် အင်္ဂါနေ့အနှောင်းပိုင်းတွင် ပိုမိုအင် အားကောင်းလာခဲ့ပြီး တစ်နာရီလျှင် လေတိုက်နှုန်း ၂၉၅ ကီလိုမီတာအရှိန်ဖြင့် ပွေတိုရီကိုနှင့် ကာရေဘီယန် အရှေ့မြောက်ပိုင်းရှိ ကျွန်းစုများသို့ ဦးတည်ရွေ့လျားသွားကြောင်း အမေရိကန်ဟာရီကိန်း   စောင့်ကြည့်လေ့လာ ရေးစင်တာက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အတ္တလန်တိတ်ဟာရီကိန်းရာသီထဲတွင် လေးကြိမ်မြောက်တိုက်ခတ်ရန် တာစူနေသော အင်အားပြင်းမုန်တိုင်း အာမာသည် ယခုအခါတွင် ကာရေဘီယန်အရှေ့ပိုင်းရှိ အန်တီဂွါကျွန်းမှ အရှေ့အရပ်သို့ ၁၄၀ ကီလိုမီတာခန့် နှင့် ဘာဘူဒါကျွန်းမှ အရှေ့အရပ်သို့ ၁၄၅ကီလိုမီတာ အကွာခန့်တွင် တည်ရှိနေကြောင်းသိရသည်။

မိုးလေဝသတိုင်းတာချက်များအရ မုန်တိုင်းအာမာ၏ အလွန်အန္တရာယ်ရှိသော မုန်တိုင်းဗဟိုချက်မသည် အင်္ဂါနေ့ ညပိုင်းနှင့် ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ကာရေဘီယန်ပင်လယ် အရှေ့မြောက်ပိုင်းရှိ ကျွန်းစုများပေါ်မှ ဖြတ်သန်း သွားပြီး ဗုဒ္ဓဟူးနေ့အနှောင်းပိုင်းနှင့် ညပိုင်းတွင် ပွေတိုရီကိုနိုင်ငံမြောက်ပိုင်းမှ ဖြတ်သွားနိုင်ကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပွေတိုရီကို၊ ဖလော်ရီဒါပြည်နယ်နှင့် ဗာဂျင်ကျွန်းစုများ၌ ဟာရီကိန်း အာမာ မရောက်လာခင်တွင် နိုင်ငံတော်အရေးပေါ် ကြေညာချက်ထုတ်ပြန်ထားကြောင်း အိမ်ဖြူတော်က အင်္ဂါ နေ့တွင် ကြေညာခဲ့သည်။

ဘဟားမားအစိုးရကလည်း တာ့ခ်ကျွန်းစုများ၊ ကိုင်ကော့စ်ကျွန်းစုများနှင့် ဘဟားမားအရှေ့တောင်ပိုင်းမှ အက်ကလင်၊ ခရွတ်ကတ်ကျွန်း၊ လင်းကေး၊ အင်နာဂွါ၊ မေယာဂွါနာနှင့် ရက်ဂတ်ကျွန်းတို့တွင် ဟာရီကိန်း စောင့်ကြည့်ရေး ကြေညာချက်ထုတ်ပြန်ထားသည်။

ဟာရီကိန်းသတိပေးချက်ကို ၃၆နာရီခန့် ကြိုတင်သတိပေးထားပြီး ထိုအင်အားပြင်းအပူပိုင်းမုန်တိုင်းသည် ဟေတီမြောက်ပိုင်းကမ်းရိုးတန်း၊ ဒီမီနီကန်ရီပတ်ဘလစ်ကမ်းရိုးတန်းမြောက်ပိုင်းနှင့် ကာရေဘီယန်ပင်လယ် တွင်းရှိ ကျွန်းကလေးများကို တိုက်ခတ်သွားနိုင်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly