‘မက်ဆီရဲ့ သက်တမ်းတိုးစာချုပ်ကို ဖခင်ဖြစ်သူက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်’ - ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူ

‘မက်ဆီရဲ့ သက်တမ်းတိုးစာချုပ်ကို ဖခင်ဖြစ်သူက လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါတယ်’ - ဘာစီလိုနာဥက္ကဋ္ဌ ဘာတိုမူ
(ဓာတ်ပုံ - အီးပီအေ)

မက်ဆီရဲ့ ဘာစီလိုနာအသင်းနှင့် (၄)နှစ်  စာချုပ်သက်တမ်းတိုး လက်မှတ်ရေးထိုးမှုကို ကစားသမားရဲ့ အေးဂျင့်နှင့် ဖခင်ဖြစ်သူ ဂျော့က လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမူက တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးဆု (၅) ကြိမ်ရ ကစားသမားမှာ ပြီးခဲ့တဲ့ ဇူလိုင်လက အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရခဲ့ကြောင်း ဘာစီလိုနာက ကြေညာခဲ့ပေမယ့် မက်ဆီကိုယ်တိုင်က လက်မှတ်ရေးထိုးမှု မရှိတဲ့အပြင် သူဟာ လက်ရှိကလပ်အသင်းရဲ့ လှုပ်ရှားမှုတွေကို နှစ်သက်မှု မရှိကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့သလို အပြောင်းအရွှေ့ကာလအတွင်း အသင်းတချို့မှ ကစားသမားကို ခေါ်ယူရန် လှုပ်ရှားမှုများရှိနေခဲ့ပါတယ်။

မက်ဆီရဲ့ လက်ရှိစာချုပ်ဟာ ၂၀၁၈ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူဟာ လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းမှ အလွတ်ထွက်ခွာနိုင်တာဖြစ်ပါတယ်။

"စာချုပ်အားလုံးကို သဘောတူညီပြီး လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။"လို့ ဘာတိုမူက ဘာစီလိုနာအခြစိုက် daily Sport နှင့် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

"လက်မှတ်ရေးထိုးခဲ့တာ စာချုပ်သုံးခုဖြစ်ပါတယ်။ တစ်ခုက မက်ဆီရဲ့ ဖောင်ဒေးရှင်း၊ ဒါကို ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌနှင့် ကစားသမားရဲ့ အကိုက လက်မှတ်ရေးထိုးပါတယ်။ မက်ဆီအဖေက ကစားသမားရဲ့ ပုံရိပ်အသုံးပြုခနှင့် သက်တမ်းတိုးစာချုပ်တို့ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။"လို့ ဘာစီလိုနာဥက္ကဋ္ဌက ပြောပါတယ်။

ဘာတိုမူနှင့် ၎င်းရဲ့ ဘုတ်အဖွဲ့ဟာ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ဘာစီလိုနာမှ ထွက်ခွာသွားတဲ့ နေမာကြောင့် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ခေါ်ယူရာမှာ ကောင်းမွန်စွာ ကိုင်တွယ်မှု မရှိခဲ့တဲ့အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနွေရာသီအပြောင်းအရွှေ့အတွင်း ဒေါ့မွန်အသင်းမှ အသက် ၂၀ အရွယ် ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီကို ကနဦးပြောင်းရွှေ့ကြေး ယူရို ၁၀၅ သန်း၊ ကွမ်ကျိုးအဲဗားဂရန်းအသင်းမှ ပေါ်လင်ဟိုအတွက် ယူရိုသန်း ၄၀ ဖြင့် ကစားသမား နှစ်ဦးသာ ခေါ်ယူမှုပြုလုပ်နိုင်ခဲ့ပါတယ်။

Ref; supersport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags