အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ မြန်မာပြည် ခရီးစဉ်အပေါ် ပြောစကား

အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ မြန်မာပြည် ခရီးစဉ်အပေါ် ပြောစကား
ဓာတ်ပုံ-မင်းမင်း

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီရဲ့ သုံးရက်တာ မြန်မာနိုင်ငံခရီးစဉ်ကတော့ စတင်ပြီ ဖြစ်ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီက  အခုလို ပြောထားပါတယ်။

“ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးထင်ကျော် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံဆီ စက်တင်ဘာ ၅ - ၇ ရက်  ခရီးစဉ် ကျွန်တော် သွားရောက်မှာ ဖြစ်ပါတယ်။ လှပတဲ့ မြန်မာနိုင်ငံဆီ ၂၀၁၄ တုန်းက ပြုလုပ်ခဲ့တဲ့ အာဆီယံ- အိန္ဒိယ ထိပ်သီးညီလာခံတုန်းကလည်း ကျွန်တော် ရောက်ခဲ့ဖူးပါပြီ။ ဒါပေမယ့် ခုခရီးစဉ်ကတော့ နှစ်နိုင်ငံ သီးသန့်ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ သမ္မတဦးထင်ကျော်နဲ့လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းကောင်း တွေ့ဆုံသွားဖို့ ရှိပါတယ်။ သမ္မတနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ၂၀၁၆ ခုနှစ်က အိန္ဒိယကို လာရောက်ခဲ့ကြချိန်တုန်းမှာ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးဖူးပြီး ဖြစ်ပါတယ်။

ခု ကျွန်တော်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကျွန်တော်တို့ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံမှု ဖွံ့ဖြိုးရေးကို သုံးသပ်ဆွေးနွေးသွားကြပါမယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေကို တိုးချဲ့ရေး၊ မြန်မာနိုင်ငံအပေါ် အိန္ဒိယက အကူအညီ ပေးနေဆဲဖြစ်တဲ့ လူမှုစီးပွားရေး အကူအညီတွေနဲ့ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်နိုင်မယ့် ကဏ္ဍနယ်ပယ်သစ်တွေ စတဲ့ အရေးကိစ္စရပ်တွေကို ဆွေးနွေးသုံးသပ်ကြပါမယ်။

ဒီအပြင်လည်း ရှိဆဲ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ ခိုင်မာတောင့်တင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု၊ အတတ်ပညာပိုင်းကျွမ်းကျင်မှု ဖွံ့ဖြိုးရေး၊ အခြေခံအဆောက်အအုံနဲ့ စွမ်းအင်၊ ယဉ်ကျေးမှု စတဲ့ နယ်ပယ်တွေကိုလည်း ဆွေးနွေးသွားကြမှာပါ။

ကျွန်တော်ဟာ ခုခရီးစဉ်မှာ ပြီးခဲ့တဲ့နှစ် ငလျင်တုန်းက ထိခိုက်ပျက်စီးခဲ့တဲ့ ဘုရားစေတီဂူပုထိုးတွေ ပြန်လည်ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေရာ၊ အိန္ဒိယရှေးဟောင်း သုတေသနကပါ ပြန်လည်ပြုပြင်မှုတွေ လာရောက် ဆောင်ရွက်ပေးနေတဲ့ အာနန္ဒာဂူဘုရားရှိရာ ရှေးဟောင်း အမွေအနှစ် ပုဂံမြေဆီကိုလည်း သွားဖို့ရှိပါတယ်။

ကျွန်တော်ရဲ့ ခရီးစဉ် အဆုံးသတ်ကိုတော့ အိန္ဒိယနဲ့ မြန်မာ ယဉ်ကျေးမှု အမွေအနှစ်တွေ ပေါင်းဆုံတဲ့ သင်္ကေတတွေရှိနေရာ၊ သမိုင်းဝင်နေရာတွေ ရှိနေရာ ရန်ကုန်မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

ကျွန်တော်အနေနဲ့ မြန်မာနိုင်ငံတွင်း ရာစုနှစ်ချီ နေထိုင်လာကြတဲ့ အိန္ဒိယအသိုင်းအဝန်းနဲ့လည်း တွေ့ဆုံသွားဖို့ ရှိပါတယ်။

ကျွန်တော်ရဲ့ ဒီခရီးစဉ်ဟာ အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကဏ္ဍသစ်ကို ဖွင့်လှစ်ပေးပြီး ကျွန်တော်တို့တွေရဲ့ အစိုးရကြား၊ ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းစုတွေကြားမှာ အပြင် နှစ်နိုင်ငံ   ပြည်သူပြည်သားချင်းကြားပါ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် လမ်းပြမြေပုံ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ထားပါတယ်”။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly