ဘူးသီးတောင်တွင် အရေးပေါ်အခြေအနေမျိုးအတွက် ကြိုတင် စီမံထားသော်လည်း ဒေသခံများ စိုးရိမ်နေ

ဘူးသီးတောင်တွင် အရေးပေါ်အခြေအနေမျိုးအတွက် ကြိုတင် စီမံထားသော်လည်း ဒေသခံများ စိုးရိမ်နေ
ဓာတ်ပုံ -  ဝေဠုကျော်ဖောင်ဒေးရှင်း

 

ရန်ကုန်၊ စက်တင်ဘာ ၅ ။                   ။ စစ်ဆင်ရေးဒေသအဖြစ် ဆောင်ရွက်ရန် သမ္မတမှ ခွင့်ပြုထားသည့် ဘူးသီးတောင်မြို့နယ်တွင် အရေးပေါ် အခြေအနေမျိုးအတွက် ကြိုတင်စီမံထားကြောင်း ဘူးသီးတောင်မြို့နယ် ရဲမှူးသောင်းငွေက မဇ္ဈိမသို့ ပြောသည်။

ပဋိပက္ခဖြစ်ပွားခဲ့သည့် အဆိုပါဒေသများတွင် လူအင်အားသုံး အကြမ်းဖက်မှုများ ထပ်မံပြုလုပ်မည်ဟု ကောလဟာလသတင်းများ ထွက်ပေါ်နေသည်။

“ အဲ့ဒီသတင်းတွေကလည်း မှန်တယ်ဗျ။ ဒီနေ့လည်း သူ့ဟာနဲ့သူရှိနေတာပဲ။ ဟိုနေ့ကိုလုပ်မယ်။ ဒီနေ့ကို လုပ်မယ်ပေါ့။ ကျွန်တော်တို့ကတော့ လုံခြုံရေးကို အကွက်ကျကျစီမံပြီးသားပါ။ အသင့်ရှိနေပါတယ် “ ဟု ရဲမှူးသောင်းငွေကပြောသည်။

သို့သော်လည်း အဆိုပါဒေသရှိ ပြည်သူများက စိုးရိမ်နေကြပြီး ဘူးသီးတောင်မြို့နယ်ရှိ အုတ်ကန်အုပ်စု မြချောင်းကျေးရွာတွင် ရွာသားအချို့ ပိတ်မိနေကြသည်။

 “ ဒီဘူးသီးတောင်မြို့နယ်ထဲမှာတော့ ကျွန်တော်တို့ လုံခြုံရေးက လုံးဝအင်အားမရှိဘူးဖြစ်တယ်။  ကောလဟာလ သတင်းတော့ပြောတယ်။ ဒီလောက် အခြေအနေတော့မရှိပါဘူးလို့ပြောတယ်။ အကြမ်းဖက်ဘင်္ဂါလီတွေကိုလည်း ကျွန်တော်တို့ကြောက်ရသလို ကျွန်တော်တို့ရဲ့ အရှေ့ဘက်မှာဖြစ်တဲ့ ရခိုင် AA အဖွဲ့အစည်းတွေလည်း မြန်မာ့တပ်မတော်ကို တိုက်ဖို့အတွက် သတင်းတွေကြားရလို့ ဒါကိုလည်း ကြောက်ရတယ် ” ဟု အုတ်ကန်အုပ်စု မြချောင်းကျေးရွာမှ ဒေသခံ ဦးအောင်စိန်ကပြောသည်။

အဆိုပါကျေးရွာမှ ရွာသားများအနေဖြင့် ဖြစ်နိုင်ပါက လုံခြုံရေးတပ်ဖွဲ့ဝင်များအကူအညီဖြင့် ဘူးသီးတောင် မြို့ပေါ်သို့ပြောင်းရွေ့နေထိုင်လိုပြီး လမ်းတွင်လုံခြုံရေးအရ စိတ်မချရ၍ မြချောင်းကျေးရွာတွင်သာ သောင်တင်နေခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့် ပက်သက်ပြီး ဘူးသီးတောင်မြို့နယ် ရဲမှူးဖြစ်သည့် ရဲမှူးသောင်းငွေက “ လူတွေမှာ ဘာဖြစ်နေလဲဆိုတော့ တအားစိုးရိမ်နေတယ်ပေါ့။ မှန်ပါတယ်။ သူတို့အတွေးတွေက တအား စိုးရိမ်စိတ်တွေများနေတာလည်း အိမ်တစ်အိမ်မှာတောင် ရဲအားကိုတော့ ရှိစေချင်တာပေါ့။ စစ်ရေးကတော့ သူ့ဟာနဲ့သူ အပြည့်ယူပြီးသားပါခင်ဗျ။ နည်းတယ်ဆိုတာမဟုတ်ပါဘူး။ ဒါပေမယ့် တချို့ရွာလေးတွေ ဘက်တော့ နည်းနည်းလေး တချို့ဘက်တွေ အဲ့လိုပေါ့ လှည့်ကင်းပုံစံမျိုးနဲ့သွားလို့ အဲ့လိုနည်းတယ်လို့ ထင်နေတာ” ဟု ပြောဆိုလိုက်သည်။

အကြမ်းဖက်မှုများ စတင်ဖြစ်ပွားသည့် သြဂုတ် ၂၅ ရက်နေ့တွင် မြချောင်းကျေးရွာသား ၂၅၀ ခန့်သည် နီးစပ်ရာ တောအုပ်ထဲသို့သွား ရောက်တိမ်းရှောင်ခဲ့ရကြောင်း ၎င်းက ပြောဆိုသည်။ လက်ရှိတွင် အစိုးရအနေဖြင့် လုံခြုံရေး ပေးနိုင်ခြင်းမရှိသလို စားနပ်ရိက္ခာထောက်ပံ့ခြင်းများလည်းမရှိသောကြောင့် မြချောင်းကျေးရွာသားများသည် ကြုံသလိုစားသောက် နေထိုင်နေရကြောင်းလည်း ဆိုသည်။

“ ရှေ့ဆက်ဘယ်လိုတွေဖြစ်လာနိုင်မယ်ဆိုတာကတော့  ကျွန်တော်တို့လည်း စဉ်းစားနေတုန်းပဲ” ဟု မြချောင်းရွာသား ဦးအောင်စိန်က ပြောဆိုလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly