ကရုဏာရှင်ရဲ့ ကြာပွတ်သံ

ကရုဏာရှင်ရဲ့ ကြာပွတ်သံ

 

သွားလေသူအဆိုတော်ကြီး ကိုခင်ဝမ်းရဲ့ သီချင်းတစ်ပုဒ် ရှိတယ်။ သီချင်းခေါင်းစဉ်က မိဘမေတ္တာတဲ့။ သူ့အတွေ့အကြုံကို ပြန်ဖွဲ့ထားတယ်ထင်တာပဲ။ မိဘမေတ္တာဆိုလို့ မြင့်မိုရ်တောင်ဦး မကကျူးသားတွေဘာတွေ မဟုတ်ဘူး။ ထူးခြားတယ်။ စာသားအတိအကျတော့ မမှတ်မိတော့ဘူး။ အဓိပ္ပါယ်ကတော့ ဒီလို။ မြင်းလှည်းလေးရဲ့ အမည်က မိဘမေတ္တာတဲ့။ မိဘမေတ္တာဆိုပြီး မြင်းလှည်းမောင်းသူက မြင်းကလေးကို မရိုက်နဲ့ကွာတဲ့။ ဘယ်လောက်လှသလဲ။ ဘယ်လောက်နူးညံ့သိမ်မွေ့လိုက်သလဲ။ မောင်မှန် စိတ်ထဲ သေရာပါအောင် စွဲနေတော့မှာ။

ဒါနဲ့ ဆန့်ကျင်ဖက်က ရှိသေးတယ်။ ဖေ့စဘုတ်ပေါ်က တစ်ကွက် ကာတွန်းလေးတစ်ပုဒ်ပေါ့။ ရေးတဲ့ဆရာ OKKW တဲ့၊ ကာတွန်းပုံက တုတ်၊ ဓါးတွေ ကိုင်ထားတဲ့ လူမိုက်ရုပ်နဲ့ကောင်က ဘာ ငါ့ကို ဂရုဏာရှင်၊ မေတ္တာရှင်၊ ကယ်တင်ရှင်ကြီးပါလို့ ခုချက်ခြင်း ပြောင်းခေါ်စမ်းလို့ ပြောနေတာ။ ငကြမ်းကြီးပေါ့လေ။ ကိုခင်ဝမ်းကြီးက ယဉ်ကျေးလိုက်တာ။ မြင်းလှည်းအမည်ကို မိဘမေတ္တာလို့ ပေးထားပြီး မြင်းကလေးကို မရိုက်နဲ့တဲ့။ မြင်းလှည်းဆရာကို ပြောနေတာ။ ချစ်စရာကောင်းအောင် ပြောနေတာ။ ဒီလိုလေးပြောပြီး သူ့ကိုယ်သူ မေတ္တာရှင်၊ ဂရုဏာရှင်၊ ကယ်တင်ရှင်လို့ ဘယ်သူ့ကိုမှ မခေါ်ခိုင်းပါဘူး။ မေတ္တာတရားကို တန်ဖိုးထားတဲ့သူတွေဟာ ဒီလိုပါပဲ။ ဘယ်သူကိုမှ အသိအမှတ်ပြုဖို့ တောင်းဆိုလေ့ မရှိပါဘူး။ လိုလည်း မလိုပါဘူး။ ကိုယ့်မေတ္တာနဲ့ကိုယ် လုံခြုံပါတယ်။

ကာတွန်းဆရာ OKKW ရဲ့ ပုံထဲက လူမိုက်ကြီးကတော့ သူ့ကို မေတ္တာရှင်လို့ ခေါ်ဖို့ကို တုတ်ပြဓါးပြပြီး တောင်းဆိုနေလေရဲ့။ မောင်မှန်တို့လည်း ဟုတ်တာ၊ မဟုတ်တာ၊ လက်ခံတာ၊ လက်မခံတာထား၊ တုတ်ဓါးတွေရဲ့ မျက်နှာနဲ့ ခေါ်တော့ ခေါ်ပေးရမှာပါပဲ။ ဟုတ်ကဲ့။ ဂရုဏာရှင်ကြီး၊ မေတ္တာရှင်ကြီး၊ ကယ်တင်ရှင်ကြီးပါခင်ဗျာ။ ပြောင်းခေါ်စမ်းလို့လည်း ပါသေးတော့ကာ အရင်တုန်းက ဘယ်သူတွေက ဘယ်လိုများ သွားခေါ်ကြတယ် မသိဘူး။ ဘုရားစူး၊ မောင်မှန် တကယ့်ကို မသိလိုက်ပါဘူးခင်ဗျာ။ မေတ္တာမရှိပေမယ့် မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှုရပါတယ်။ နံတော့ အတော်နံတယ်ခင်ဗျ။

အဲဂလို နံနေပေမယ့်လည်း နမ်းနေရသေးတဲ့ ပြည်ပအဖွဲ့အစည်းတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့ တုတ်ပြ၊ ဓါးပြပြီး မေတ္တာရှင်၊ ကယ်တင်ရှင် မခေါ်ခိုင်းပါဘူး။ ဒေါ်လာပြပြီး အသိအမှတ်ပြုခိုင်းတာ၊ တစ်ပြည်လုံးကိုတော့ မဟုတ်ဘူးပေါ့နော်။ လူတစ်ချို့ အဖွဲ့အစည်းတစ်ချို့ကိုပဲပေါ့။ အဲဒီကမှတစ်ဆင့် ဒေါ်လာစားပြီး ဆက်ဝါဒဖြန့်ပေးကြပေါ့။ အဲ အဲဒီ နံနံကြီးကို နမ်းတဲ့အထဲ မောင်မှန်တော့ မပါဘူးနော်။ မောင်မှန်က ဒေါ်လာမှ မစားရဘဲ။ ဒေါ်လာစားရသူတွေကလည်း ဘယ်နံမလဲ။ တိုင်းပြည်က နံတာ။

သြဂုတ်လ ၂၂ ရက်မှာ အမေရိကန်အခြေစိုက် International Republican Institute (IRI) က ဗမာပြည်ဆိုင်ရာ လူထုစစ်တမ်းတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။ ဒီစစ်တမ်းကို ဗမာနိုင်ငံ မြို့ပြနဲ့ ကျေးလက်အနံှ့အပြားက လူဦးရေ ၃၀၀၀ ထံက ကောက်ယူခဲ့ပြီး တစ်နိုင်ငံလုံးကို ကိုယ်စားပြုနိုင်တဲ့ အခြေအနေဖြစ်အောင် ကောက်ခံခဲ့ကြောင်း စစ်တမ်းကောက်ယူခဲ့တဲ့ အဖွဲ့ဝင်တစ်ယောက်က ဆိုပါတယ်။ (လူ ၃၀၀၀ ရဲ့ သဘောထားက သန်း ၅၀ ကို ဘယ်လို လွှမ်းခြုံသလဲတော့ မသိဘူး) အဲဒီ စစ်တမ်းအရ လက်ရှိအစိုးရလက်ထက်မှာ ဗမာနိုင်ငံရဲ့ အခြေအနေဟာ အကောင်းဘက်မှာ ရှိတယ်လို့ စစ်တမ်းဖြေဆိုသူ ၇၅ ရာခိုင်နှုန်းက ဖြေဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီမှာ ကောက်ခဲ့တဲ (IRI) စစ်တမ်းမှာကျတော့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ဗမာပြည်ဟာ အကောင်းဘက်မှာလို့ ဖြေတာ ၈၈ ရာခိုင်နှုန်းတောင် ရှိပါသတဲ့။ ဒီတော့ NLD အစိုးရလက်ထက်ကျမှ လူထု အကောင်းမြင်မှု လျော့ကျလာတဲ့သဘောကို စစ်တမ်းက ပြဆိုနေပါတယ်။ စစ်တမ်းကောက်ပြိး အဖြေထုတ်တာလား၊ ကိုယ်ထုတ်ချင်တဲ့ အဖြေကို စစ်တမ်းကောက်ယူစေတာလားဆိုတာတော့ IRI ကပဲ အသိဆုံး ဖြစ်မှာပါ။

ဒီတော့ IRI ဆိုတာ ဘာလဲ မောင်မှန်တို့ အရင်ကြည့်ရအောင်ပါ။ IRI ဆိုတာ ၁၉၈၃ ခုနှစ် အမေရိကန်သမ္မတ ရော်နယ်ရေဂင် လက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ National Endowment For Democracy (NED)ရဲ့ လက်အောက်ခံအဖွဲ့ ဖြစ်ပါတယ်။ NED ကတော့ Central Intelligence Agency (CIA)ရဲ့ လက်အောက်ခံပါ။ NED ဖွဲ့စည်းရေး ဥပဒေကြမ်း ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ အယ်လင်ဝိန်စကိန်းက ၁၉၉၁ ခုနှစ်မှာ ခုလို ပြောကြားခဲ့ပါတယ်။ "အခုအချိန်မှာ NED လုပ်နေတဲ့ အလုပ်အများအပြား အရင်တုန်းက CIA ပုန်းလျှိုးကွယ်လျှိုး လုပ်ခဲ့တဲ့ အလုပ်တွေပါပဲ" တဲ့။ NED ကို အမေရိကန် ကွန်ဂရက်က နှစ်စဉ် ငွေကြေးထောက်ပံ့ပါတယ်။ NED က သူ့ကိုယ်သူတော့ အစိုးရ မဟတု်တဲ့ အဖွဲ့ (NGO) လို့ အမြဲ ပြောလေ့ရှိပါတယ်။ ဒီလောက်ဆို IRI ဆိုတာကို ရှင်းလောက်ပါပြီနော်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ ကောက်ယူပြီး ဧပြီ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ IRI စစ်တမ်းရလဒ်တွေကိုလည်း သမင်လည်ပြန်လေး ကြည့်လိုက်ကြပါဦးစို့။ ဒါမှ ၂၀၁၇ စစ်တမ်းအပေါ်မှာ အကောင်းအဆိုး အကြောင်းအကျိုး သုံးသပ်ဖိုပ ပိုမိုလွယ်ကူနိုင်မယ် မဟုတ်လား။ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်ကို ယုံကြည်ကြောင်း ဖြေဆိုသူ ၅၃ ရာခိုင်နှုန်းတဲ့။ နိုင်ငံ စီးပွားရေး ကောင်းမွန်နေတယ်လိုပ ဖြေတာ ၈၅ ရာခိုင်နှုန်းတဲ့။ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အဓိကကျတယ်လို့ ယူဆတာက ၁ ရာခိုင်နှုန်းတဲ့။ (ကျန်တဲ့ ၉၉ ရာခိုင်နှုန်းက ပြင်စရာကို မလိုဘူးဆိုတဲ့ သဘောပါ။ ဖျက်ချင်နေတာများလားမသိ) ပြည်ခိုင်ဖြိုး အစိုး၇ လုပ်ဆောင်ချက်တွေ ကောင်းမွန်ပါတယ်လို့ ဖြေတာ ၈၉ ရာခိုင်နှုန်း၊ သမ္မတကြီး ဦးသိန်းစိန် ဆောင်ရွက်ပုံတွေ မှန်တယ်လို့ဖြေတာ ၉၀ ရာခိုင်နှုန်း၊ လွှတ်တော်ရဲ့ လုပ်ငန်းတွေကို ထောက်ခံတာ ၆၉ ရာခိုင်နှုန်းပါတဲ့။ အစိုးရ အဖွဲ့အစည်းတွေအပေါ် ကျေနပ်မှုမှာတော့ တပ်မတော်က ၈၄ ရာခိုင်နှုန်းနဲ့ ပထမ ရပါတယ်။ မြန်မာနိုင်ငံရဲ့ ၇၄ ရာခိုင်နှုန်းတဲ့။ သမ္မတကြီး ဦးသိန်းစိန်က ၉၃ ရာခိုင်နှုန်းနဲ့ လူကြိုက်အများဆုံးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ၉၀ ရာခိုင်နှုန်းနဲ့ ဒုတိယပါတဲ့ခင်ဗျာ။ ဒါတောင် အချို့ကိုပဲ ကောက်နှုတ်ဖော်ပြလိုက်တာပါ။ အကုန်မဟုတ်သေးပါဘူး။ အဲဒီတုန်းက IRI က သူ့စစ်တမ်းကို ၉၅ ရာခိုင်နှုန်း မှန်ကန်တယ်လို့ ယုံကြည်ကြောင်းလည်း ပြောခဲ့ပါတယ်။

၂၀၁၄ ခုနှစ်က အနံ့ဆိုးကြီးကိုပဲ ၂၀၁၇ ထဲကို IRI က ဆက်လက်သယ်ဆောင်ခဲ့ပြန်ပါပြီ။ ဒီလိုဆိုလိုက်လို့ ဗမာပြည်ဟာ ကောင်းသထက် ကောင်းနေပြီလို့ ပြောတာတော့ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးခေတ်ထက်တော့ နှိုင်းရ ဓမ္မသဘောပြောရရင် ပိုကောင်းလာတာလေးတွေတော့ ရှိပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ဒီလောက်ပဲ ဖြစ်နိုင်တာလည်း သဘာဝ ကျပါတယ်။ သူတို့ကိုယ်သူတို့ ၉၅ ရာခိုင်နှုန်း မှန်ကန်တယ်လို့ ယုံကြည်ထားတဲ့ IRI ၂၀၁၄ စစ်တမ်း ဘယ်လောက်ဖြောင့်တယ်ဆိုတာ အခု ပြည်သူတွေရဲ့ သမင်လည်ပြန်မှာ ထင်ရှားနေပြီဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ အရမ်းကောင်းပြီး အ၇မ်းအရမ်း လူထုထောက်ခံမှုရနေတဲ့ အရမ်းအဖွဲ့အစည်း၊ အဲလေ အဖွဲ့အစည်းကြီးဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဘာကြောင့် ရှုံးနိမ့်ခဲ့ရသလဲ။ လူကြိုက်အများဆုံး သမ္မတကြီးကရော ဘယ်လိုဖြစ်သွားခဲ့သလဲ IRI ကတော့ ခပ်တည်တည်ပါပဲ။ မိဘမေတ္တာလို့ အမည်ပေးထားပြီး မြင်းကလေးကို ရိုက်ဖို့ ကြာပွတ်သံ တရွှမ်းရွှမ်းပေးကာ ဂရုဏာရှင်ကြီးလည်း အခေါ်ခံချင်နေပုံပါပဲ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly