ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ အလွန်နီးစပ်သွားတဲ့ ဂျာမနီနဲ့ အင်္ဂလန်

ကမ္ဘာ့ဖလားခြေစစ်ပွဲ တိုက်ရိုက်အောင်မြင်ဖို့ အလွန်နီးစပ်သွားတဲ့ ဂျာမနီနဲ့ အင်္ဂလန်

 

စက်တင်ဘာ ၅ ။              ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲစဉ် ၈ အပြီးမှာတော့ ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ဂျာမနီနဲ့အင်္ဂလန်တို့ဟာ တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ဖို့ အလွန်နီးစပ်သွားပြီဖြစ်ပါတယ်။

ဂျာမနီအသင်းဟာ နော်ဝေအသင်းကို ၆ ဂိုး၊ ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲ ရယူထားပါတယ်။ လက်ရှိမှာ ရမှတ် ၂၄ မှတ်ရထားပြီး ဒုတိယနေရာက   မြောက်အိုင်ယာလန်ကို ၅ မှတ်ဖြတ်ထားပါတယ်။ ဒါကြောင့် လက်ကျန် ၂ ပွဲမှာ ရမှတ် ၂ မှတ်ရရုံနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်တော့မှာ ဖြစ်ပါတယ်။

နော်ဝေအသင်းနဲ့ပွဲစဉ်မှာ အိုဇေးလ်၊ ဒရက်စ်လာ၊ ဂရော့ကာနဲ့ဂိုမက်ဇ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့ကြပြီး တိုက်စစ်မှူးဝါနာက ၂ ဂိုးသွင်းပေးခဲ့ပါတယ်။

အင်္ဂလန်အသင်းကတော့ အိမ်ကွင်းဝင်ဘလေမှာ ဆလိုဗက်ကီးယားကို ၂ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ဂျာမနီနည်းတူ  ခြေစစ်ပွဲအောင်ဖို့ ရမှတ် ၂ မှတ်သာ လိုအပ်ပါတော့တယ်။ လက်ရှိမှာ အင်္ဂလန်က ရမှတ် ၂၀ ရရှိထားပြီး ဒုတိယနေရာက ဆလိုဗက်ကီးယားက ၁၅ မှတ်ရရှိထားပါတယ်။

ဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ဒိုင်ယာနဲ့ရက်ရှ်ဖို့ဒ်တို့က သွင်းယူပေးခဲ့ကြပါတယ်။

ဥရောပဇုန်ခြေစစ်ပွဲတွေမှာ ဘယ်လ်ဂျီယံတစ်သင်းသာ ခြေစစ်ပွဲအောင်မြင်ထားပါသေးတယ်။ လက်ရှိမှာ အိမ်ရှင် ရုရှားနဲ့အတူ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရရှိထားတဲ့အသင်းတွေကတော့ ဘရာဇီး၊ အီရန်၊ ဂျပန်၊ မက္ကဆီကိုနဲ့ ဘယ်လ်ဂျီယံတို့ဖြစ်ပါတယ်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly