မကွေးတွင် ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်တင်းဆောင်ရွက်မှုကြောင့် မှုခင်းများ ကျဆင်းဟု ဆို

မကွေးတွင် ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်တင်းဆောင်ရွက်မှုကြောင့် မှုခင်းများ ကျဆင်းဟု ဆို

မကွေး၊ စက်တင်ဘာ ၄ ။           ။ မကွေးမြို့ပေါ်တွင် ရဲတပ်ဖွဲ့အင်အားထပ်မံဖြည့်တင်းကာ ပြည်သူများနှင့် ပူးပေါင်းဖော်ထုတ် အရေးယူနိင်ခဲ့ သဖြင့် ပြီးခဲ့သည့် သြဂုတ်လမှစ၍ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှုများ၊ လုယက်မှုများ၊ မှုခင်းများ ကျဆင်းခဲ့ကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခင်က မကွေးမြို့ပေါ်တွင် လုယက်မှုများ များပြားလာသဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များအပြင် ရေနံချောင်း၊ နတ်မောက်မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင်များဖြင့် အင်အားထပ်မံဖြည့်ဆည်း၍ နေ့ ၁၂ နာရီမှ ၂၀:၃၀ နာရီအချိန်ထိ နေရာ ၁၆ နေရာ၌ ရဲတပ်ဖွဲ့ နှစ်ဦးနှုန်းဖြင့် ၃၂ ဦး၊ရပ်ကင်း ၅ နေရာ နေ့/ည ရဲတပ်ဖွဲ့ ငါးဦးနှုန်းဖြင့် ၂၅ ဦး၊ ကျားသစ်ဖွဲ့(၁)တွင် ရဲတပ်ဖွဲ့ငါးဦး၊ ကျားသစ်ဖွဲ့(၂)တွင် ရဲတပ်ဖွဲ့ငါးဦး၊စုစုပေါင်း (၆၇)ဦးတို့ဖြင့် မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှုနှင့် လုယက်မှုများ ကျဆင်းရေးအတွက် နေ့/ည လှည့်ကင်းများ ဆောင်ရွက်လျှက်ရှိခြင်းကြောင့် လုယက်မှုများ ကျဆင်းလာကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“မူးယစ်ဆေးဝါးကြောင့် စိတ်ကို ပြောင်းလဲစေတယ်အပြင် လောင်းကစားပြုလုပ်တာတွေကြောင့် လုယက်မှုတွေ ဖြစ်ပေါ်လာပြီး ပြီးခဲ့တဲ့ ဇူလိုင် လပိုင်းအထိ လုယက်မှု ၁၂ မှု၊လောင်းကစားမှု (၄)မှု၊မူးယစ်ဆေးဝါးမှု ၅ မှုနဲ့ လူ(၁၃)ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ပါတယ်၊ သြဂုတ်လမှ စတင်ပြီး ရဲတပ်ဖွဲ့အင်အား ထပ်မံဖြည့်ပြီး ပြည်သူတွေနဲ့ ပူပေါင်းဆောင်ရွက်နိင်တဲ့အတွက် လုယက်မှုတွေ ကျဆင်းခဲ့ပါတယ်”ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က ပြောသည်။

ဆက်လက်၍ အလုပ်အကိုင် အတည်တကျ မရှိဘဲ ပိုက်ဆံ ငွေကြေး များများသုံးစွဲနေသည့်မသင်္ကာသူများကို စစ်ဆေးခြင်း ဖမ်းဆီးခြင်းနှင့် ညအချိန်မတော် သွားလာသူများကို ရပ်တန့်စေ၍ စစ်ဆေး ဆောင်ရွက်ခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် အမှုများ သိသိသာသာကျဆင်းခဲ့ကြောင်း ရဲမှူးငွေတင်ကပြောသည်။

ထိုအပြင် မကွေးမြို့ပေါ် ရပ်ကွက်(၆)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ ရပ်ကျေးအဖွဲ့ဝင်များဖြင့် ပေါင်းစပ်ပြီး ယခင်က ပြစ်ချက်ဟောင်းရှိသူများအား လိုက်လံဖော်ထုတ်ခြင်း၊ ၎င်းတို့ အလုပ်ကိုင်နှင့် နေထိုင်ရာ နေရာတို့ကို အတည်ပြုစုံစမ်း၍ လက်ရှိသုံးစွဲမှု အခြေအနေ၊ ပြန်ရောက်ချိန် ပြန်ဝင်ချိန် စုံစမ်းခြင်းများ၊မြို့မရဲစခန်း၊ နယ်မြေနယ်ထိန်းအဖွဲ့နှင့် နယ်မြေရဲကင်း နယ်ထိန်းအဖွဲ့များဖြင့်မြို့ပေါ်တွင် ပြစ်မှုကျူးလွန်နိုင်သည့် တရာခံပြေး စစ်ပြေး ရဲဘက်ပြေး၊ ရဲပြေးများ ခိုအောင်းနိုင်သည့် ရပ်ကွက်များ စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့်သြဂုတ်လမှစ၍ လုယက်မှုများ မဖြစ်ပေါ်တော့ကြောင်း သိရသည်။

မကွေးမြို့ဒေသခံတစ်ဦးက “အရင်ကတော့ လူမှုကွန်ယက် ဖေ့ဘွတ်ပေါ်မှာ ဟိုနေရာ ဆွဲကြိုးလုသွားတယ်။ ပိုက်ဆံအိတ် လုတယ်၊ဖုန်းလုတယ်ဆိုတာတွေ မကြာခဏ ဖတ်နေရတယ်၊ ကြားနေရတယ်၊ အဲ့ဒါမျိုးတွေ ပြီးခဲ့တဲ့လက စပြီး မကြားရဘူး။ ဒါပေမယ့် အဝေးသင် တက္ကသိုလ်တက်ချိန် နယ်ပေါင်းစုံက ကျောင်းသား ကျောင်းသူတွေ လာကြတော့ ယာဉ်တိုက်မှုတွေနဲ့ ခိုက်ရန်ဒေါသ ဖြစ်တာတွေ မကြာခဏ ဖြစ်တတ်တယ်။ ဆိုင်ကယ်နဲ့ ဖုန်း ပစ္စည်းပျောက်တတ်တာတွေ ရှိတတ်တော့ ဂရုတစိုက်ရှိဖို့တော့ လိုအပ်ပါတယ်”ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly