မတ္တရာနှင့် စဉ့်ကူးမြို့နယ်အတွင်း ဘိုးဘွားပိုင်လယ်မြေများ နစ်နာကြေး မပေးဘဲ သိမ်းယူခဲ့၍ ထွန်တုံးတိုက်ပွဲဝင်

မတ္တရာနှင့် စဉ့်ကူးမြို့နယ်အတွင်း ဘိုးဘွားပိုင်လယ်မြေများ နစ်နာကြေး မပေးဘဲ သိမ်းယူခဲ့၍ ထွန်တုံးတိုက်ပွဲဝင်

မန္တလေး၊သြဂုတ် ၁၂ ။       ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ပတ်လည်အင်း ကျေးရွာမှ ဒေသခံများ ပိုင်ဆိုင်သော ဘိုးဘွားပိုင်လယ်ယာမြေဧက ၁၀၇၇ ဧကကို ၁၉၇၃ ခုနှစ်တွင် စိုက်ပျိုးရေး နှင့်ဆည်မြောင်းဝန်ကြီးဌာနက လျှော်ကြေးနစ်နာကြေးမပေးဘဲသိမ်းယူခဲ့ခြင်းကြောင့် ဒေသခံ တောင်သူ ၂၀၀ ကျော်တို့က  သြဂုတ်  ၁၂ ရက်၊ နံနက် ၁၁ နာရီကျော်တွင်  နွားအရှည်း ၅၀ ကျော်ဖြင့် ထွန်တုံးတိုက်ပွဲဝင်ခဲ့သည်။  

အဆိုပါလယ်ယာမြေများပြန်လည်ရရှိရေးအတွက် ၂၀၀၂ ခုနှစ်မှစတင်၍ သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်ကြားစာများ ပေးပို့ထားသော်လည်း ယနေ့အချိန်အထိ ဖြေရှင်းပေးမှုမရှိသောကြောင့် ထွန်တုံး တိုက်ပွဲဝင်ရောက်၍ လယ်ယာမြေများပြန်လည်ရရှိရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ဒေသခံများကဆိုသည်။  

ထွန်တုံးတိုက်ပွဲဝင်ဦးဆောင်သူများအနက် တစ်ဦးဖြစ်သူ ကိုမောင်ကျော် က “ကျွန်တော်တို့ မိဘတွေ လက်ထက်ကတည်းကပိုင်ခဲ့တဲ့မြေတွေပါ။ ပိုင်ဆိုင်ခွင့်အထောက် အထားတွေလည်းရှိတယ်။ သိမ်းတုန်း ကလည်း ဘာမှမပေးခဲ့ဘူး။ ကျွန်တော်တို့တစ်တွေဆို ဘာပညာမှမတတ်ခဲ့ဘူး။ အဖေတို့ အမေတို့ လည်း အခုချိန်ထိ ဒုက္ခခံနေရတယ်။ အခုကျွန်တော်တို့လက်ထက်မှာ ဒီမြေတွေကိုပြန် လိုချင်တယ်။ ကျွန်တော်တို့ ဘဝတွေစားဝတ်နေရေး အဆင်ပြေစေဖို့အတွက် ဒီမြေတွေကို ထွန်တုံးတိုက်ပွဲဝင်ပြီး ပြန်ယူတာပါ။ “ဟု ပြောသည်။

ထွန်တုံးတိုက်ပွဲဝင်သူများအနေဖြင့် သိမ်းဆည်းခံလယ်ယာမြေ ၁၀၇၇ဧကလုံးကို  ထွန်ယက် သွားမည်ဖြစ်ပြီး ပဲအမျိုးမျိုးစိုက်ပျိုးသွားမည်ဟု ဒေသခံများကဆိုသည်။ ပတ်လည် အင်းကျေးရွာ သူဒေါ်အေးသင်း က “ ကျွန်မတို့က မြေကိုပြန်သိမ်းယူလိုက်ပါပြီ။ သူတို့ကို အဝင်မခံတော့ဘူး။ နေ့စဉ်လုပ်သွားမယ်။ ပြီးတဲ့အထိပဲ “ဟု ပြောသည်။

အဆိုပါကျေးရွာပိုင်ဆိုင်သော လယ်ယာမြေဧကမှာ ၄၀၀၀ ကျော်ရှိပြီး ထိုအထဲမှ ပိုင်ဆိုင်ခွင့် အထောက်အထားရှိသည့် လယ်ယာမြေ ၁၀၇၇ ဧကပေါ်တွင်  ထွန်တုံးတိုက်ပွဲဝင်၍ ပြန်လည်ရ ယူခြင်းဖြစ် သည်။

ပတ်လည်အင်းကျေးရွာသား ဦးသိန်းညွှန့် က “ အားလုံးမှာ ပိုင်ဆိုင်ခွင့်အထောက်အထားတွေဒီနေ့ အချိန်ထိ ကိုင်ထားကြတယ်။ ကြိုက်တဲ့အချိန်၊ကြိုက်တဲ့လူ လာကြည့်လို့ရပါတယ်“ဟု ပြောသည်။

ထိုသို့သိမ်းဆည်းထားသောလယ်ယာမြေများထဲ မှ၂၀၁၁ ခုနှစ်တွင် ဧက ၁၀၀၀ ကျော်ကို ဂရိတ်ဝေါ ကုမ္ပဏီသို့သီးစားချထားသည်မှာ ယနေ့အချိန်ထိဖြစ်ပြီး ကျန်သည့်ဧကများမှာလည်း ယနေ့အချိန်ထိ အသုံးပြုခြင်းမရှိဟုလည်း ဒေသခံများကဆိုသည်။

အသက် ၇၆ နှစ်ရွယ် ဦးဘတင့် က  “ဘာမှအသုံးပြုတာမတွေ့ရဘူး၊ဒီနေ့အချိန်ထိပဲ။အဲလိုကျတော့ သိမ်းတဲ့လူလည်း အကျိုးမရှိဘူး။ ကျွန်တော်တို့လည်းစိုက်ခွင့်မရဘူး“ဟု ပြောသည်။

အဆိုပါလယ်ယာမြေပြန်လည်ရရှိရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ထံသို့ ဒေသခံများက လက်မှတ်များထိုး၍ သြဂုတ်လ ၁၀ ရက်တွင် တိုင်ကြားစာပေးပို့ထား သည်ဟု လည်း ဒေသခံများကဆိုသည်။

ထိုသို့သိမ်းဆည်းထားသောလယ်ယာမြေထဲသို့ ထွန်တုံးတိုက်ပွဲ ဝင်နေသည်နှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ် အုပ်ချုပ်ရေးမှူးက “ဒါက နိုင်ငံတော်က သိမ်းထားတာပါ။ နိုင်ငံတော်ပိုင် မြေဖြစ်နေတယ်။ အခုလိုလုပ်တာနဲ့ပတ်သက်လို့ကတော့ ဥပဒေအတိုင်း ဆောင်ရွက်ရမှာပါ။ ဘာမှတော့မဆုံးဖြတ်ရသေးဘူး။ “ဟုပြောသည်။

ထွန်တုံးတိုက်ပွဲဝင်သူဒေသခံတောင်သူများသည် လယ်ယာမြေအားလုံးကို ပြီးဆုံးသည်အထိ ထွန်ယက်သွားမှာဖြစ်ပြီး ရက်မည်မျှကြာမည်ကို မခန့်မှန်းနိုင်သေးဟုလည်း ဦးဆောင်သူများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly