အိုင်အက်စ်များ ပေါ်ထွက်လာမှုအတွက် ကလင်တန်တွင်လည်း တာဝန်ရှိဟု ရီပတ်ဘလီကင် ဂျက်ဘွတ်ရှ်ပြောကြား

အိုင်အက်စ်များ ပေါ်ထွက်လာမှုအတွက် ကလင်တန်တွင်လည်း တာဝန်ရှိဟု ရီပတ်ဘလီကင် ဂျက်ဘွတ်ရှ်ပြောကြား

ဝါရှင်တန်၊ သြဂုတ် - ၁၂ ။         ။ ရီပတ်ဘလီကင်သမ္မတလောင်းအရွေးခံ ဂျက်ဘွတ်ရှ်က ဒီမိုကရတ် ဟီလာရီကလင်တန်အား နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အနေဖြင့် အီရတ်ကို ကိုင်တွယ်ခဲ့ပုံနှင့် ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်ခဲ့သည်။ အိုင်အက်စ်ဟုခေါ်သော စစ်သွေးကြွများ ပေါ်ထွက်လာမှုအတွက် ကလင်တန်တွင်လည်း တာဝန်ရှိသည်ဟု ဂျက် ဘွတ်ရှ်က ပြောကြားခဲ့သည်။

မစ္စတာဘွတ်ရှ်က အခြားရီပတ်ဘလီကင်များနည်းတူ ၂၀၁၁ခုနှစ် အမေရိကန်တပ်များ ရုပ်သိမ်းမှုကို ဦးတည်သွားစေခဲ့သည့် ဖြစ်ရပ်များတွင် ပါဝင်ခဲ့သည့် မစ္စကလင်တန်၏ အခန်းကဏ္ဍနှင့် ပတ်သက် ပြီးဝေဖန်ခဲ့သည်။

မစ္စကလင်တန်မှာ ၂၀၀၉ခုနှစ်မှ ၂၀၁၃ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတအိုဘားမား၏ ပထမသက်တမ်း နိုင်ငံခြားရေးဝန်ကြီၤးတစ်ယောက်အနေဖြင့် ကမ္ဘာတစ်ခွင် ခရီးလှည့်လည်ခဲ့ရာတွင် အီရတ်ကို သွားရောက်ရခြင်းအတွက် စိတ်မပါသည့်အမူအယာ ဖော်ပြခဲ့သည်ဟု ရီပတ်ဘလီကင်အမတ်များက ပြောကြားခဲ့သည်။

''သူမရဲ့ ကမ္ဘာတစ်ခွင် ခရီးစဉ်တွေမျာ အီရတ်မှာ တစ်ခါပဲ ခြေချခဲ့ဖူးတယ်''ဟု မစ္စတာဘွတ်ရှ်က ပြောကြားခဲ့သည်။ ယင်းကိုတုန့်ပြန်သည့်အနေဖြင့် ကလင်တန်မဲဆွယ်ရေးအဖွဲ့ကလည်း သူမ၏နိုင်ငံခြားရေးပေါ်လစီ အကြံပေး ဂျိတ်ဆူလီဗန်နှင့် အတူ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့သည်။

ကလင်တန်မှာ အီရတ်တွင် အမေရိကန် စစ်တပ် တပ်စွဲထားသည့်အခြေအနေမှ အီရတ်အရပ်သားစစ်တပ်အဖြစ်သို့ အောင်မြင်စွာ အသွင်ကူးပြောင်းမှုကို ကူညီပုံဖော်ပေးနိုင်ခဲ့ကြောင်း မစ္စတာ ဆူလီဗန်က ခုခံကာကွယ်ပြောဆိုခဲ့သည်။

''အီရတ်လေဆိပ်ကို ကလင်တန်ရဲ့လေယာဉ် ဘယ်နှစ်ကြိမ်ဆင်းခဲ့တယ်ဆိုတာက အဓိကမကျပါဘူး။ ပါဝင်ပတ်သက်မှုက ဘယ်လောက်လေးနက်ပြီး ထိရောက်မှုရှိတယ်ဆိုတာကသာ အရေးကြီးတာပါ''ဟု မစ္စတာ ဆူလီဗန်က ပြောကြားခဲ့သည်။  

၂၀၀၃ခုနှစ်တွင် ၎င်း၏အစ်ကိုက အမိန့်ပေးခဲ့သည့် အမေရိကန်ဦးဆောင်သော အီရတ်ကျူးကျော်စစ်အတွက် အကြောင်းပြချက်နှင့် ပတ်သက်၍ အမေရိကန်အများစုမှာ ယခုထက်တိုင် စိတ်မသက် မသာဖြစ်နေကြသေးရာ မစ္စတာဘွတ်ရှ်အတွက်မူ အီရတ်မှာ မဟာဗျူဟာလက်နက်တစ်ခုသဖွယ် ဖြစ်နေသည်။

မစ္စတာအိုဘားမား၏ ချဉ်းကပ်မှုထက် သူ၏ စီမံကိန်းက ပိုမိုသန်မာအားကောင်းသည်ဟု မစ္စတာဘွတ်ရှ်က ပြောကြားခဲ့သည်။ မစ္စတာဘွတ်ရှ်က အီရတ်နှင့် ဆီးရီးယားတွင် ပါဝင်ပတ်သက်မှုကို နက်ရှိုင်း သွားစေလိမ့်မည်ဟူသော အကြောင်းပြချက်ဖြင့် မစ္စတာအိုဘားမားက ထည့်သွင်းမစဉ်းစားခဲ့သော်လည်း သူ့အနေဖြင့်မူ ရန်သူပစ်မှတ်များကို ဖော်ထုတ်နိုင်ရန်အတွက် အမေရိကန် တပ်ဖွဲ့များကိုရှေ့တန်း တိုက်ကင်းသမားများအနေဖြင့် အီရတ်တွင် ဖြန့်ချထားမည်ဟုလည်း ပြောကြားခဲ့သည်။  

ရီပတ်ဘလီကင် သမ္မတလောင်းပြိုင်ပွဲတွင် မစ္စတာဘွတ်ရှ်နှင့် ၎င်း၏ပြိုင်ဘက်များ အခြေအတင်ငြင်းခုန်နေသည့် လေးနက်သော ပေါ်လစီပြဿနာများမှ ဖယ်ခွာကာ ဒေါ်နယ်ထရန့်၏ ခပ်ရွှင်ရွှင်ဟောပြောမှု များက လွှမ်းမိုးနေချိန်တွင် မစ္စတာဘွတ်ရှ်က ယခုကဲ့သို့ ကလင်တန်ကို ထိုးနှက်လာခဲ့ခြင်းပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly