မောင်တောဒေသကို “စစ်ဆင်ရေးနယ်မြေ” သတ်မှတ်မယ်

မောင်တောဒေသကို “စစ်ဆင်ရေးနယ်မြေ” သတ်မှတ်မယ်
မောင်ေ်တာတွင် လုံခြုံရေးယူထားသော တပ်မတော်သားတစ်ဦး(ဓာတ်ပုံ- ဇေယျာမော်)
 

နေပြည်တော်(စက်တင်ဘာ ၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရခိုင်ပြည်နယ်၊ မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တင်ပြထားမှုအပေါ် နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုထားပြီးဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

"ကက(ကြည်း)က စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ဖို့ တောင်းတယ်။ သမ္မတရုံးက ခွင့်ပြုထားပြီး ဖြစ်ပါတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲကင်းစခန်း ၃၀နှင့် တောင်ဘဇာကျေးရွာရှိ နယ်မြေခံတပ်ရင်း ဌာနချုပ်တို့ ဩဂုတ် ၂၅ရက်၊ နံနက်အစောပိုင်းတွင် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီး ဆယ်ရက်ခန့်အကြာတွင် ထိုဒေသအား စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ရန် သမ္မတရုံးက ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုကို Arakan Rohingya Salvation Army (ARSA) အစွန်းရောက် အကြမ်းဖက်သမားများက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၁ဦး၊ တပ်မတော်သား ၂ဦး၊ လဝက ဝန်ထမ်း ၁ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ဦးနှင့် ဒေသခံတိုင်းရင်းသား ၁၄ဦးတို့ သေဆုံးခဲ့ရသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ယခုဖြစ်စဉ်မတိုင်ခင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့များ၏ လုံခြုံရေးစခန်းများ၊ ရဲကင်းများ တိုက်ခိုက်ခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ထိုဖြစ်စဉ်တွင်လည်း တပ်မတော်က စစ်ဆင်ရေးနယ်မြေအဖြစ်သတ်မှတ်ကာ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၂၀၁၇ ဇန်နဝါရီလကုန်ပိုင်းတွင် စစ်ဆင်ရေး ပြန်လည်ရုပ်သိမ်းခဲ့သည်။

လက်ရှိ ဖြစ်စဉ်တွင်လည်း တပ်မတော်က နယ်မြေရှင်းလင်းရေးနှင့် ထိန်းသိမ်းမှုများ လုပ်ဆောင်နိုင်ခြင်း မရှိပါက ပိုမိုဆိုးရွားသည့် အနေအထားဖြစ်လာမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁ရက်နေ့တွင် ပြောဆိုထားသည်။

“ရဲအင်အားနဲ့ ထိန်းသိမ်းဖို့ကလည်း ဘယ်လိုမှကို မစွမ်းသာပါဘူး။ ရဲတွေ မလုပ်နိုင်တာတွေလည်း အများကြီး ရှိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဩဂုတ် ၂၅ရက်မှ လကုန်အထိ အိမ်ခြေပေါင်း ၂ထောင်ကျော် မီးလောင်ဆုံးရှုံးကာ တံတား ၈စင်းလည်း မိုင်းခွဲဖျက်ဆီးခံရသည်ဟုလည်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags