တောင်ပြိုလက်ဝဲရွာရှိ ရဲကင်းစခန်းအား တိုက်ခိုက်ရန်ရေးဆွဲထားသည့် မြေပုံများတွေ့ရှိ

တောင်ပြိုလက်ဝဲရွာရှိ ရဲကင်းစခန်းအား တိုက်ခိုက်ရန်ရေးဆွဲထားသည့် မြေပုံများတွေ့ရှိ
Photo - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ စက်တင်ဘာ ၄ ။        ။ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲကျေးရွာရှိ ရဲကင်းစခန်းအား တိုက်ခိုက်ရန်ရေးဆွဲထားသည့် မြေပုံများ တွေ့ရှိသိမ်းဆည်းရမိကြောင်း တပ်မတော်ကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်း တွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲကျေးရွာရှိ နေအိမ်တစ်အိမ်၌ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ARSA အကြမ်းဖက်သမားများမှ တောင်ပြိုရဲကင်းစခန်းအား တိုက်ခိုက်ရန် မြန်မာဘာသာနှင့် ဘင်္ဂါလီဘာသာ ၂ မျိုးဖြင့် ရေးဆွဲထားသော မြေပုံစာရွက်များအား ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် အနောက်ဘက်ပိုင်း မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း ARSA အကြမ်းဖက်သမား အသေ ၃၇၀ ဦးနှင့် အရှင် ၉ ဦးကို ဖမ်းမိထားကြောင်း တပ်မတော်ဘက်က စက်တင်ဘာ ၁ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦးတို့ အသက်စွန့်လွှတ်ခဲ့ရပြီး ၁၅ ဦးဒဏ်ရာရရှိကာ စစ်သည် ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၂၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦးတို့သည် တိမ်းရှောင်နေရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။

ထို့ကြောင့် မြေပုံသိမ်းဆည်းရမိထားသည့် အနီးပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly