ရီးယဲလ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီအား ရွေးချယ်ခဲ့ရခြင်းကို အမ်ဘတ်ပီ ရှင်းလင်း

ရီးယဲလ်ကို ငြင်းပယ်ပြီး ပီအက်စ်ဂျီအား ရွေးချယ်ခဲ့ရခြင်းကို အမ်ဘတ်ပီ ရှင်းလင်း

စက်တင်ဘာ ၄၊ ပြင်သစ် ။         ။ သမိုင်းဝင်ကစားသမားတစ်ဦးဖြစ်လာရန် ပြင်သစ်မြေတွင်သာ ကစားခြင်းက ပိုပြီး အထောက်အကူဖြစ်မည်ဟု ယုံကြည်သည့်အတွက် ရီးယဲလ်အသင်းကို ငြင်းပယ်ပြီး ပီအက်စ်ဂျီအသင်းသို့ပြောင်းရန် ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း အမ်ဘတ်ပီက ပြောဆိုလိုက်သည်။

အသက် ၁၈ နှစ်အရွယ်ရှိ မိုနာကိုနှင့်ပြင်သစ်တိုက်စစ်မှူး အမ်ဘတ်ပီကို ရီးယဲလ်က ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီသို့ အငှားဖြင့် ပြောင်းရွှေ့ခဲ့သည်။

“ထိပ်တန်းကစားသမားတွေက သူတို့ရဲ့နိုင်ငံမှာပဲ သမိုင်းတစ်ခုရေးထိုးကြတာပါ။ ကျွန်တော်ပြင်သစ်ကို စွန့်ခွာခဲ့ရင် ခြောက်လလောက်အကြာမှာ ရင်ထဲက ရည်မှန်းချက်တွေ ပျောက်ကုန်ပါလိမ့်မယ်။ ပီအက်စ်ဂျီက ကမ္ဘာပေါ်မှာ ရည်မှန်းချက်အကြီးဆုံးအသင်းတစ်သင်းပါ။ ပြိုင်ပွဲပေါင်းစုံ ကစားလိုတယ်ဆိုရင် ဒီအသင်းကို လာရမှာပါပဲ။

ပီအက်စ်ဂျီနဲ့အတူ သမိုင်းသစ်တစ်ခုရေးထိုးနိုင်ဖို့ ကျွန်တော့်ဘက်က အရာရာပေးဆပ်သွားမှာပါ။ နေမာနဲ့တွဲဖက် ကစားရမှာကတော့ တကယ်ကိုထူးခြားပြီး အံ့မခန်းတဲ့အရာတစ်ခုပါပဲ။ ပီအက်စ်ဂျီက ကျွန်တော့်ကို အရင်ကတည်းက စိတ်ဝင်စားခဲ့တာပါ။ ပီအက်စ်ဂျီကို ပြောင်းဖို့ နေမာက နောက်ထပ်တွန်းအားတစ်ခု ဖြစ်စေခဲ့ပါတယ်” ဟု အမ်ဘတ်ပီက ပြောဆိုခဲ့သည်။

ပီအက်စ်ဂျီအသင်းက ယူအီးအက်ဖ်အေ၏ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းနှင့် မငြိစွန်းစေရန်အတွက် အမ်ဘတ်ပီကို ယခုနှစ်တွင် အငှားစာချုပ်ဖြင့်သာခေါ်ခဲ့ပြီး လာမည့်ရာသီတွင်မှာ ပေါင် ၁၆၈ သန်းဖြင့် စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly