မိုဆူးလ်မြို့၌ အိုင်အက်စ်စစ်သွေးကြွ ၂၃ဦးကို အီရတ်ရဲများ ဖမ်းဆီးရမိ

မိုဆူးလ်မြို့၌ အိုင်အက်စ်စစ်သွေးကြွ ၂၃ဦးကို အီရတ်ရဲများ ဖမ်းဆီးရမိ

အီရတ်၊ စက်တင်ဘာ ၄ ။                       ။ မကြာသေးခင်ကမှ လွတ်မြောက်နယ်မြေဖြစ်သွားသော အီရတ်နိုင်ငံမြောက်ပိုင်းရှိ တယ်လ်အဖာနယ်မြေမှ တဆင့် မိုဆူးလ်မြို့အတွင်းသို့ ဝင်ရောက်လာသည့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့မှ စစ်သွေးကြွ ၂၃ဦးကို ရဲများက ဖမ်းဆီးရမိခဲ့ကြောင်း အီရတ်ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောသြဂုတ်လ ၃၁ရက်နေ့က အီရတ်တပ်ဖွဲ့များ သိမ်းယူနိုင်ခဲ့သော အိုင်အက်စ်တို့၏ ခြေကုပ်စခန်းရှိရာ အယ်လ်အယာဒီယာမြို့နယ်မှတဆင့် အဆိုပါစစ်သွေးကြွများသည် ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း ရဲမှူး ကြီး ဝါသစ်အယ်လ်ဟာမာဒါနီက ပြောခဲ့သည်။

အဆိုပါ အစွန်းရောက်တပ်ဖွဲ့ဝင်များသည် အိုင်အက်စ်အဖွဲ့မှဖြစ်သော်လည်း သူတို့သည် လက်နက်ကိုင်ဆောင် ထားခြင်းမရှိသလို အသေခံဗုံးခွဲသူတစ်ဦးမှ ပါဝင်လာခဲ့ခြင်းမရှိကြောင်း အယ်လ်ဟာမာဒါနီက ပြောခဲ့သည်။

ပြီးခဲ့သောဇူလိုင်လ ၁၀ရက်နေ့က မိုဆူးလ်မြို့တွင်းမှ အစွန်းရောက်စစ်သွေးကြွများကို နှင်ထုတ်နိုင်ခဲ့အပြီးတွင် အီရတ်တပ်ဖွဲ့များသည် တယ်လ်အာဖာနယ်မြေကို အပြည့်အဝထိန်းချုပ်နိုင်ရန်အတွက် တစ်ပတ်ကျော်ကြာ စစ်ဆင်ရေးများ ပြုလုပ်ခဲ့ရသည်။

သို့သော်လည်း အိုင်အက်စ်စစ်သွေးကြွများသည် ဘဂ္ဂဒတ်မြို့မှ မိုင်ပေါင်း ၁၈၈မိုင်ခန့် ကွာဝေးသောအရပ်တွင်ရှိ ပြီး ဆီးရီးယားနှင့်နယ်နမိတ်ချင်း ထိစပ်နေသော အယ်လ်ဟာဝီဂျာနယ်မြေအပါအဝင် အီရတ်နိုင်ငံအတွင်းရှိ အချို့နေရာများကို အခိုင်အမာ ခြေကုပ်ရယူထားဆဲဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly