ဆွမ်ပရာဘွမ်တွင် ထွက်ပြေးတိမ်းရှောင်နေသော ကချင်စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်

ဆွမ်ပရာဘွမ်တွင် ထွက်ပြေးတိမ်းရှောင်နေသော ကချင်စစ်ပြေးဒုက္ခသည် တစ်ထောင်ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်

ချင်းမိုင် ၊ သြဂုတ် ၁၂ ။        ။ ကချင်ပြည်နယ်မြောက်ပိုင်း ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရသော ကချင်စစ်ပြေးဒုက္ခသည်တစ်ထောင်ကျော်အတွက် အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ ပြန်ကြားရေးတာဝန်ခံ ဆရာ လမာယော်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက ဆွမ်ပရာဘွမ်မြို့နယ် ၁၀ မိုင်ကျော်ကွာဝေးသော မလိယန်ကျေးရွာအနီးတွင်  အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် ကျေးရွာပေါင်း ၇ ရွာမှ စစ်ပြေးဒုက္ခသည် ၁၄၀၀ ခန့်အတွက် ဆန် အရေးပေါ်လိုအပ်နေသည်ဟု မကြာသေးမီက စစ်ပြေးဒုက္ခသည်များထံသို့ သွားရောက်တွေ့ဆုံခဲ့သော ဆရာလမာယော်က မဇ္ဈိမကို ပြောသည်။

၎င်းက “တောထဲမှာတော့ အခက်အခဲ အစုံဘဲ။ ဘာမှ အဆင်မပြေဘူး။ သူတို့ကို လူတယောက် တစ်ရက် နို့ဆီဗူး ၂ ဗူးနှုန်းနဲ့ ကေအိုင်အိုနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့လာကူညီနေတယ်။ အာဟာရမစားနိုင် ရင်တော့ ကြာလာရင်တော့ ကျန်းမာရေးတော်တော်ချို့တဲ့သွားနိုင်တယ်။ အရေးပေါ်လိုနေတာ ဆန်ဟုတ်တယ်”ဟု  ပြောသည်။

မြစ်ကြီးနားမြို့မှ မလိခမြစ် ရေကြောင်းလမ်းတွင်လည်း ဆန်၊ ဆီ၊ ဆား စသည့် စားနပ်ရိက္ခာများကို သယ်ဆောင်မှု ပိတ်ဆို့ထားသဖြင့် လက်ရှိ စစ်ပြေးဒုက္ခသည်များထံသို့ စားနပ်ရိက္ခာများ ပိုမိုပြတ်တောက်နေသည်ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါ စစ်ပြေးဒုက္ခသည်များသည် ဂျာရာယန်ကျေးရွာနှင့် အင်ဖန်းဇွပ် ကျေးရွာများမှ ၃ မိုင် ၄ မိုင် အကွာအဝေးရှိ တောတောင်များတွင် စခန်း သုံးခုဖွင့်လှစ်၍ ခိုလှုံနေရသည်ဟု သိရသည်။

KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နယ်မြေ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ရေးလှုပ်ရှားမှုများ ရှိနေဆဲဖြစ်၍ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခ သည်များအား KIO မှ တတ်နိုင်တလောက် ကူညီထောက်ပံ့ပေးနေရသည်ဟု KIO ဗဟိုကော်မတီဝင်၊ စစ်ပြေးဒုက္ခသည်များ ကော်မတီမှ တာဝန်ခံဟောင်း အရပ်ဘက်အရာရှိ ဦးဒွဲပီဆာက ပြောသည်။

၎င်းက “ရင်း ၇ ဘက် တိုက်ပွဲက မဖြစ်ပေမဲ့ အစိုးရ စစ်တပ်က ဆွမ်ပရာဘွမ်ကနေ မလိယန်ဘက်မှာ လှုပ်ရှားနေတုန်းဘဲ။ ပူတာအိုဘက်ကနေ လှုပ်ရှားနေတယ်။ လိုအပ်နေပြီဆိုတော့ ကျွန်တော်တို့ ကြည့်နေရတယ်။ ကူညီချင်တဲ့ လူတွေကိုလည်း သွားခွင့်မပေးဘူးဆိုတော့ စားရေးသောက်ရေးက ခက်မှာဘဲ”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ ကျေးရွာပေါင်း ၇ ရွာထဲမှ ၅ ရွာမှ မူလတန်းနှင့် အလယ်တန်း  စာသင်ကျောင်းများ ပိတ်ထားခဲ့ရသည်မှာ ၂ လခန့်ရှိပြီ ဖြစ်ပြီး ယင်းကျောင်းများမှ ကျောင်းသူကျောင်းသားပေါင်း ၂၆၈ ဦး ရှိကာ စာသင်ကြားခြင်းမရှိတော့ဘဲ မိဘများနှင့်အတူ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆရာလမာယော်က ပြောသည်။

ယင်းစစ်ပြေးဒုက္ခသည်များအား စားနပ်ရိက္ခာများ ပို့ဆောင်နိုင်ရန်  မြစ်ကြီးနားမြို့ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အရပ်ဘက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကချင်ပြည်နယ် အစိုးရနှင့် ကချင်ပြည် နယ်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တို့ထံ ထပ်မံ ခွင့်ပြုချက်တင်ရန် စီစဉ်နေသည်ဟုလည်း ၎င်းက  ပြောဆိုသည်။

လက်ရှိ မြစ်ကြီးနား-ဆွမ်ပရာဘွမ် ကုန်းလမ်းခရီးသည် မိုးရာသီချိန်တွင် ကြမ်းတမ်းပြီး ဗွက်များထူထပ်သဖြင့် ကုန်းလမ်း ခရီးဖြင့် စားနပ်ရိက္ခာများ တင်ပို့နိုင်ခြင်း မရပေ။ ယင်းစစ်ပြေး ဒုက္ခသည်များထဲမှ ဆွမ်ပရာဘွမ်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသော  တချို့ စစ်ပြေးဒုက္ခသည် ၁၀၃ ဦးကိုမူ ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ အရွေးခံခဲ့ရသော လက်ရှိ ကချင်ပြည်နယ် အစိုးရမှ လူမှုရေးရာဝန်ကြီးဒေါ်ဘောက် ဂျာက ဆန်နှင့် စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးနေသည်ဟု မကြာသေးမီက လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာက မဇ္ဈိမကို ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly