ဌာနချုပ်ဆိုတာ ဘယ်နေရာကို သတ်မှတ်ထားတာလဲလို့ ALP မေးခွန်းထုတ်

By RiA
02 September 2017
ဌာနချုပ်ဆိုတာ ဘယ်နေရာကို သတ်မှတ်ထားတာလဲလို့ ALP မေးခွန်းထုတ်
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုတွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်း - ဓာတ်ပုံ - RiA

စက်တင်ဘာလ ၁ ရက်နေ့က တက်လာတဲ့ ဧရာဝတီသတင်းတစ်ပုဒ်မှာ ALP/ALA  ရဲ့ ဌာနချူပ်စခန်းကို သွေးထွက်သံယိုအနည်းဆုံးနဲ့ AA ဘက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း   ဖော်ပြခဲ့ပါတယ်။

AA ခေါင်းဆောင် ဗိုလ်ချူပ်ထွန်းမြတ်နိုင်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီသတင်းနဲ့ ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုတွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းကို RiA က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

RiA ၊ မနေ့က တက်လာတဲ့ ဧရာဝတီသတင်းမှာ ALP ရဲ့ စစ်ဌာနချူပ်စခန်း ကျဆုံးပြီလို့ AA ခေါင်းဆောင်က ပြောကြားထားတာ တွေ့ရပါတယ်။ အဲဒါ ဟုတ်ပါသလား ခင်ဗျား။

S1/ALP ၊ လုံးဝမဟုတ်ပါဘူး။ ဌာနချူပ်ဆိုတာ သူတို့က ဘယ်စခန်းကို သတ်မှတ်တာလဲဆိုတာ ကျွန်တော်တို့က ဒီလောက်ပဲ မေးခွန်းထုတ်ရမှာပါ။

RiA ၊ တစ်ဘက်မှာ AA ခေါင်းဆောင်ရဲ့ ဖြေကြားချက်တွေထဲ အလံတစ်ခုတည်းအောက်မှာ တော်လှန်ရေးလုပ်ဖို့ ALP နဲ့ ကြိုတင်ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် လက်မခံခဲ့ကြဘူး။ ဒါကြောင့် ခုလို တိုက်ခိုက်မှုဖြစ်လာရတဲ့အထိ အခြေအနေတွေ ရှိလာတာလို့ ပြောကြားထားတာတွေ တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ရော ALP ဘက်က ဘာများ ပြောချင်ပါသလဲ ခင်ဗျား။

S1/ALP ၊ ဒါကတော့ ကျွန်တော်တို့ ၂၀၁၁ မှာ ၄ ပါတီအစည်းအဝေးကို ချင်းမိုင်မှာ တစ်ခေါက်လုပ်ခဲ့တယ်။ အဲဒါက ပြည်တွင်းမှာ RNDP နဲ့ ALD ကို ANP အဖြစ် ပြောင်းဖို့ပေါ့။ ဆိုတော့ AA နဲ့ ALP ပေါင်းဖို့ကိစ္စတွေပါ ပြောဖြစ်လာကြတယ်ပေါ့။ ဒါကိုတော့ ဆွေးနွေးခဲ့ကြပါတယ်။ သို့သော် RNDP နဲ့ ALD ကိစ္စက အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိစ္စကကြတော့ ကျွန်တော်တို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေအရ အလံတစ်ခုတည်းအောက် ဆိုတာထက် Umbrella Organization ပုံစံမျိုးနဲ့သာ ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရမယ်လို့ ယုံကြည်ပါတယ်။ ဒါကိုပဲ ကျွန်တော်တို့ လက်ခံခဲ့ကြတာပါ။ AA တစ်ခုတည်းနဲ့ ဆိုတာထက် ကျွန်တော်တို့က Umbrella Organization ဆိုရင် အားလုံးပါဝင်လာနိုင်တယ်။ ဒီလိုမှပဲ အမျိုးသားဘုံရည်မှန်းချက်အပေါ် ရပ်တည်ကြတဲ့အခါ တစ်ခုတည်းသော အသံထွက်လာမှာ ဖြစ်ပါတယ်။

RiA ၊ ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ သိရသလောက် ALP နဲ့ AA ကြား တိုက်ပွဲတွေက သြဂုတ် ၂၂ ရက်နေ့ကနေ စဖြစ်လာတယ်။ စဖြစ်ဖြစ်ချင်းမှာပဲ သတင်းမီဒီယာအချို့က ဒီကိစ္စကို ရေးသားခဲ့ကြတယ်။ ဒါပေမယ့် အဲဒီနေ့ကတည်းက ALP ဌာနချူပ် ကျဆုံးပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပေမယ့် ဆက်တိုက်ဆိုသလို သတင်းတွေက ထပ်မံဖော်ပြလာတာတွေထဲ ဌာနချူပ်မဟုတ်ဘူး။ တပ်စခန်းတစ်ခုသာ နောက်ဆုတ်လိုက်ရတာ ဖြစ်တယ် စသဖြင့် အတည်ပြုဖို့ ခက်တဲ့ သတင်းတွေဖြစ်လာတယ်။ မနေ့ကတော့ AA ရဲ့ စစ်ခေါင်းဆောင်ကိုယ်တိုင်က ALP ဌာနချူပ်ကို သိမ်းနိုင်ပြီလို့ ပြောထားတဲ့အပြင် AA ဘက်က အသေးစား ဒဏ်ရာရသူ ၂ ဦးပဲ ရှိခဲ့တယ်လို့ ဆိုထားတော့ နှစ်ဖက်တိုက်ပွဲကြားက အကျအဆုံးတွေကို သိလို့ရနိုင်မလား။

S1/ALP ၊ ကျွန်တော်တို့ဘက်က ၂ ယောက် ကျပါတယ်။ ခု စစ်တွေကို ရောက်နေတဲ့ ဒဏ်ရာရ တစ်ယောက်ကိုတော့ ရန်ကုန်ကို ပို့ထားပါတယ်။ AA ဘက်ကတော့ ဘယ်လောက်ကျသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် စခန်းတစ်ခုကို တိုက်တဲ့အခါ ဒဏ်ရာရသူ ၂ ဦးပဲ ရှိတယ်ဆိုတာ ဖြစ်နိုင်ချေ ရှိမရှိဆိုတာ စဉ်းစားစရာမလိုဘဲ ပြောလို့ရနိုင်လောက်တဲ့အနေထားပါ။

RiA ၊ ဟုတ်ကဲ့ပါ။ အတည်ပြုဖို့ခက်တဲ့ နယ်စပ်ကလာတဲ့ သတင်းရင်းမြစ်တွေအရရော တိုက်ပွဲမှာ ပါဝင်သူတွေနဲ့ နီးစပ်တဲ့ သူတွေကရော သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ တိုက်ပွဲကာလအတွင်း AA ဘက်က ၈၀ ထက်မနည်း ကျဆုံးတယ်လို့ ဆိုကြပါတယ်။ ALP ရဲ့ တာဝန်ရှိသူအနေနဲ့ အဲဒီသတင်းအပေါ် တရားဝင် အတည်ပြုနိုင်ပါသလား။

S1/ALP ၊ ဒီသတင်းအပေါ် ကျွန်တော် အတည်မပြုချင်ပါ။ တစ်ခုတော့ ပြောချင်ပါတယ်။ ကျွန်တော်တို့က အထိုင်ကျနေသူတွေပါ။ ALP စိုးမိုးတောင်ကုန်းတွေကနေ ထိုင်နေတာပါ။ သူတို့ဘက်က တက်လာကြတယ်။ ဆိုတော့ စစ်မြေပြင် သဘောသဘာဝအရ သူတို့ဘက်က ၂ ယောက်တည်း ဒဏ်ရာရတယ်ဆိုတာကတော့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဘက်ကတောင် အထိုင်ချပြီး ပစ်နေသူတွေတောင်မှ အကျဆုံးထိခိုက်တာတွေ ရှိပါတယ်။ သူတို့ဘက်ကတော့ ကျွန်တော်တို့ထက် ပိုပြီးများနိုင်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

RiA ၊ ကိုခိုင်အောင်စိုးသန်းတို့ ဆိုလိုချင်တဲ့သဘောက ALP ဘက်က တပ်စခန်းတစ်ခုမှ မကျဘူးလို့ ပြောချင်တာပါလား။

S1/ALP ၊ ကျွန်တော်တို့ဖက်က တပ်စခန်းတစ်ခုကတော့ ဆုတ်ပေးလိုက်ရပါတယ်။ ဒါကတော့ အတည်ပြုပါတယ်။

RiA ၊ နောက်တစ်ခုက မနေ့ကပဲ AA က တရားဝင်အသုံးပြုတဲ့ သတင်းထုတ်ပြန်ရေး အင်တာနက်စာမျက်နှာကနေ ဓာတ်ပုံတချို့ကို ဖော်ပြခဲ့ပါတယ်။ ဒါကတော့ ALP ဌာနချူပ်က သိမ်းဆည်းရမိတဲ့ လက်နက်၊ ကျည်တွေ၊ လက်နက်ကြီးတွေနဲ့ အလံအပါအဝင် ဘတ်တံဆိပ်တွေ အတော်များများကို ကျွန်တော်တို့လည်း ဖော်ပြထားသလောက် တွေ့နေရတာပါပဲ။ AA ဘက်က ထုတ်ပြန်တဲ့ ယခု အထောက်အထားတွေအပေါ် ALP ဘက်က ဘာများ တုံ့ပြန်ပြောကြားလိုပါသလဲ။

S1/ALP ၊ တပ်စခန်းတစ်ခုကို ကျွန်တော်တို့ ဆုတ်လိုက်ရတယ်။ အဲဒီမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေရှိတယ် ဆိုတာ ကျွန်တော်ပြောခဲ့ပါပြီ။ ဒါကတော့ ဟုတ်ပါတယ်။ ဘာတွေ ဘယ်လောက်ကျန်ခဲ့သလဲ ဆိုတာကတော့ အသေးစိတ်မှတ်တမ်းတွေကို ကျွန်တော့ဆီ တင်ပြလာတာ မရှိသေးတာကြောင့် မပြောနိုင်သေးပါဘူး။

RiA ၊ ဟုတ်ကဲ့ပါ။ မနေ့က ဧရာဝတီသတင်းဖော်ပြချက်မှာ AA စစ်ဦးစီးကိုယ်တိုင် ပြောကြားခဲ့တာက ALP အနေနဲ့ ဌာနချူပ်စခန်းတောင် မရှိတော့ပြီ ဖြစ်တာကြောင့် ရပ်တည်လို့တောင်မှ မရတော့ဘူးဆိုတာပါ။ ဒါဟာ တကယ် မှန်နေခဲ့တယ်ဆိုရင်တော့ လတ်တလော အခြေအနေများအရ နိုင်ငံတော်နဲ့ တရားဝင် အပစ်ရပ်လက်မှတ် NCA ရေးထိုးထားတဲ့ ALP က အဲဒီအဖွဲ့မှာ အရေးပါအရာမရောက်တော့တဲ့ အဖွဲ့တစ်ခုဖြစ်သွားတယ်လို့တောင် ဆိုလောက်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။  ဆိုတော့ ယခုဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေ အရဆိုရင် ALP အနေနဲ့ NCA ကိစ္စရပ်တွေမှာ ဘယ်လောက်ထိများ ထိခိုက်မှု ရှိနေပြီ။ ရှိနေသလားပေါ့။

S1/ALP ၊ ကျွန်တော်တို့ ALP ရဲ့ သမိုင်းရှိပါတယ်။ နှစ်ပေါင်း ၅၀ ကျော် တော်လှန်ရေးလုပ်လာတာပါ။ ပထမအကြိမ် ကြိုးပမ်းမှု၊ ဒုတိယအကြိမ် ကြိုးပမ်းမှု၊ တတိယအကြိမ် ကြိုးပမ်းမှုနဲ့ လာကြတာပါ။ သို့သော် ဆိုလိုချင်တာက အစိုးရယန္တရားကြီးတစ်ခုဖြစ်တဲ့ တပ်မတော်တောင်မှ ကျွန်တော်တို့ကို အမြစ်ခြေပစ်လို့ မရနိုင်ပါ။ ဘာကြောင့်ဆို ALP ပျောက်ကွယ်သွားအောင် မလုပ်နိုင်လို့ပါ။ သို့သော် ကျွန်တော်တို့ ညီအစ်ကိုသားချင်းဖြစ်တဲ့ သူတို့ (AA) က ဒီလို ပြောတယ် ဆိုတာကတော့ လွန်ပါတယ်။ ALP ရပ်တည်လို့မရတော့ဘူး ပျောက်ကွယ်သွားတော့မယ် ဆိုတာ မဖြစ်နိုင်ပါ။ မဖြစ်နိုင်တဲ့အတွက်ကြောင့်လည်း ဘာမှ ထိခိုက်စရာမရှိပါဘူး။ AA နဲ့ ကျွန်တော်တို့ မနေ့ညကထိ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။  

RiA ၊ ဟုတ်ကဲ့။ တိုက်ပွဲက မနေ့ညထိ ဖြစ်နေတယ်ဆိုတော့ နေရာဘယ်နှစ်ခုမှာ ထိတွေ့မှု ဘယ်လောက်ရှိခဲ့ပြီဆိုတာရော ပြောနိုင်မလား ခင်ဗျား။

S1/ALP ၊ ကျွန်တော်တို့ သြဂုတ် ၂၂ ရက်နေ့ကနေ ခုချိန်ထိ တိုက်ပွဲရပ်ပြီလို့ ပြောလို့မရသေးပါဘူး။ ဆက်ဖြစ်နေပါတယ်။ ကြိုကြားကြိုကြားဖြစ်နေတာပေါ့။ ခုလည်းဖြစ်နေတယ်။ ရွှေတြိဂံဒေသမှာပေါ့။

RiA ၊ ကိုခိုင်အောင်စိုးသန်း ပြောပုံအရဆိုရင် ALP ဌာနချူပ်က မကျဘူးလို့ ဆိုလိုချင်တာပါလား။

S1/ALP ၊ ကျွန်တော် ပြောခဲ့ပါပြီ။ သူတို့ သတ်မှတ်တဲ့ ဗဟိုဌာနချူပ်စခန်းဆိုတာ ဘာလဲ။ ဘယ်နေရာမှာလဲဆိုတာသာ မေးခွန်းရှိပါတယ်။

RiA ၊ နောက်ဆုံးတစ်ခု သိချင်တာက မနေ့က ဧရာဝတီမှာ ဖော်ပြခဲ့တဲ့ AA စစ်ဦးစီးဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး အကုန်လုံး လွှမ်းခြုံပြီးတော့ ALP ဘက်က ဘာများ ပြောစရာရှိပါသလဲ။

S1/ALP ၊ သူတို့ကတော့ အလံတစ်ခုအောက်မှာ အားလုံးပါဝင်ရမယ်ဆိုတာကို ကိုင်ထားတယ်ပေါ့။ စစ်တပ်ဆိုတာ တစ်ခုတည်းဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုးကိုတော့ ကျွန်တော်တို့အနေနဲ့ လက်မခံပါ။ အခြားအခြားသော တောင်အာဖရိကမှာ ရခဲ့တဲ့ သာဓကတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အမြင်ကတော့ သူ့ရဲ့ ရပ်တည်ချက်နဲ့ ဆောင်ရွက်ချက်တွေမှာ နဲနဲ လိုအပ်ချက်တွေ ရှိတယ်လို့ မြင်ပါတယ်။ အဖွဲ့အစည်းတွေကတော့ ရှိနေမှာပဲ။ ဒါပေမယ့် ဘုံအမျိုးသားအကျိုးစီးပွားအပေါ်မှာ မှန်မှန်ကန်ကန် ရပ်တည်ဖို့ လိုပါတယ်။ Umbrella Organization ပုံစံမျိုးဆိုရင် ကျွန်တော်တို့ဘက်က လက်ခံနိုင်ပါတယ်။ သူတို့ဖြစ်စေချင်တဲ့ ပုံစံမျိုးကတော့ ဘယ်ရခိုင်တပ် ဘယ်အဖွဲ့အစည်းကမှာ လက်ခံမှာ မဟုတ်ပါဘူး။ မတော်ရင် နောက်ထပ် လက်နက်ကိုင်ရခိုင်တပ်တစ်ခုလည်း ပေါ်ချင်ပေါ်လာမှာပေါ့။ အမျိုးသားစည်းလုံးညီညွတ်မှုဆိုတာ အလံတစ်ခုတည်းအောက်မှာ ရှိနေခြင်း မရှိနေခြင်းနဲ့ မဆိုင်သလို ဖြစ်နိုင်ခြေအနေထားကလည်း နည်းပါတယ်။ ပြည်တွင်းနိုင်ငံရေးမှာလည်း အေအန်ပီတစ်ခုတည်း ရှိရမယ်ဆိုပြီး လုပ်ကြတယ်။ သို့သော် ကျွန်တော်တို့ လူမျိုးရဲ့ စရိုက်အနေအထားအရရော ဒီမိုကရေစီသဘောသဘာဝအရရော ဖြစ်နိုင်ချေ လုံးဝမရှိပါ။

RiA ၊ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုခိုင်အောင်စိုးသန်း။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags