မြန်မာနိုင်ငံ၏ ငွေကြေးအဆင့် သတ်မှတ်နိုင်ရန် အကြံပေးမည့် နိုင်ငံခြားဘဏ်ကြီး နှစ်ခုနှင့် လက်မှတ်ထိုး

မြန်မာနိုင်ငံ၏ ငွေကြေးအဆင့် သတ်မှတ်နိုင်ရန် အကြံပေးမည့် နိုင်ငံခြားဘဏ်ကြီး နှစ်ခုနှင့် လက်မှတ်ထိုး

သြဂုတ် ၁၂ ရက် ။      ။ မြန်မာနိုင်ငံ၏ ငွေကြေးအဆင့် သတ်မှတ်နိုင်ရန် ပူးတွဲအကြံပေးမည့် နိုင်ငံခြားဘဏ်နှစ်ခုနှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့ အကြား လုပ်ပိုင်ခွင့်စာလွှာ လက်မှတ်ရေးထိုး လိုက်ပြီဖြစ် သည်။

ငွေကြေးဆိုင်ရာအဆင့်သတ်မှတ်ချက်မှတစ်ဆင့် အားနည်းချက်များကို ပြုပြင်နိုင်ရန် ရည်ရွယ်သကဲ့သို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု ပိုမိုရရှိလာနိုင်မည်ဟုလည်း မျှော်လင့်ထားကြသည်။

ငွေကြေးဆိုင်ရာ အဆင့်သတ်မှတ်ချက် (Sovereign rating) အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းအဖွဲ့နှင့် ပူးတွဲ အကြံပေးကြမည့် ကမ္ဘာ့အထင်ကရဘဏ်ကြီးများဖြစ်သော အင်္ဂလန်နိုင်ငံအခြေစိုက် Standard Chartered Bank၊ အမေရိကန်နိုင်ငံ အခြေစိုက် Citi Bank တို့အကြား နေပြည်တော်ရှိ Hilton Hotel ၌ သြဂုတ် ၁၁ ရက်တွင် လက်မှတ်ရေးထိုးပွဲကျင်းပခဲ့သည်။

ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်၊ Thailand and Greater Mekong, Standard Chartered Bank ဥက္ကဋ္ဌနှင့် Thailand၊ Myanmar၊ Laos and Cambodia, Citi ဘဏ်၏ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများဆိုင်ရာ အမှုဆောင် အရာရှိချုပ်ဖြစ်သူ မစ္စတာ ဒယ်ရမ် ဘာကလီတို့ သုံးဦးက မြန်မာနိုင်ငံ၏ ငွေကြေးအဆင့်သတ်မှတ်ချက် လုပ်ပိုင်ခွင့်စာလွှာ၌ လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ငွေကြေးအဆင့် တိုးတက်လာသည်နှင့်အမျှ အတိုးနှုန်း သက်သာသည့် နိုင်ငံတကာချေးငွေများ လွယ်ကူစွာ ရရှိနိုင်ပြီး နိုင်ငံတကာအရင်းအနှီးဈေးကွက်မှတစ်ဆင့် နိုင်ငံတကာ ချေးငွေ သက်သေခံ လက်မှတ်များ ရောင်းချပြီး အရင်းအနှီးများ ရယူနိုင်မည့် အခွင့်အလမ်းများရရှိလာနိုင်သည်ဟု ပြန်ကြားရေးသတင်းစဉ်က ဖော်ပြသည်။

လုပ်ပိုင်ခွင့်စာလွှာအရ အဆိုပါ ဘဏ်နှစ်ခုအနေဖြင့် မြန်မာနိုင်ငံငွေကြေးဆိုင်ရာအဆင့် သတ်မှတ်ရာတွင် လုပ်ထုံး လုပ်နည်းများနှင့်အညီ ဖြစ်စေရန် အကြံဉာဏ်ပေးခြင်း၊ အဆင့်သတ်မှတ် သည့်အေဂျင်စီ များနှင့် အစပျိုး ဆွေးနွေးမှုများ ပြုလုပ်ရန်၊ လုပ်ငန်းစဉ်အတွက် အချိန်ဇယားနှင့် အစီအစဉ် အသေးစိတ်ပြုစုရာတွင် အကြံဉာဏ်ပေးခြင်း တို့ကို အဓိက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်မှတ်ထိုးပွဲသို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ ဗဟို ဘဏ်ဒုတိယ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းတို့ တက်ရောက်ကြသည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly