တရုတ်နှင့် ရုရှက ၄င်း၏အီးမေးကို ဖောက်ထွင်းခဲ့ဖွယ်ရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီပြောကြား

တရုတ်နှင့် ရုရှက ၄င်း၏အီးမေးကို ဖောက်ထွင်းခဲ့ဖွယ်ရှိဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီပြောကြား

ဝါရှင်တန်၊ သြဂုတ် - ၁၂ ။        ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တရုတ်နှင့် ရုရှတို့မှာ ၎င်း၏ အီးမေးများကို ဖတ်ခဲ့ဖွယ်ရာရှိကြောင်း စွပ်စွဲပြောကြားလိုက်သည်။

တရုတ်နှင့်ရုရှ ကွန်ပျူတာထွင်းဝိဇ္ဇာ (ဟက်ကာ)များမှာ ၎င်း၏အီးမေးအကောင့်ကို ဖောက်ထွင်းခဲ့ခြင်းရှိမရှိ မေးမြန်းရာမှာ ''ဖောက်ထွင်းနိုင်ခြေ တော်တော့ကို များပါတယ်''ဟု ကယ်ရီက CBS Evening News နှင့် သြဂုတ်လ၁၁ရက်နေ့က တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

''ဒါဟာ ဖြစ်နိုင်ခြေအဝန်းအဝိုင်းထဲမှာပဲ ရှိနေပါတယ်။ သူတို့က လွန်ခဲ့တဲ့ရက်တွေမှာ အမေရိကန်အကျိုးစီးပွား အများအပြားကို တိုက်ခိုက်ခဲ့တာကြောင့် အီးမေးတွေရေးသားတဲ့အခါတိုင်း အဲဒီသတိနဲ့ရေးခဲ့ ပါတယ်''ဟု ဂျွန်ကယ်ရီက ပြောကြားခဲ့သည်။

အမေရိကန် ထောက်လှမ်းရေးနှင့် လုံခြုံရေးအရာရှိများက တရုတ်နှင့် ရုရှ ဟက်ကာများ၏ လက်ချက်ဖြစ်သည်ဟု အပြစ်တင်နေသည့် မကြာသေးမီက ဆိုက်ဘာတိုက်ခိုက်မှုသတင်းများ ထွက်ပေါ်လာချိန် တွင်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယခုကဲ့သို့ ပြောကြားလာခြင်းပင် ဖြစ်သည်။

NBC ၏ သြဂုတ်လ ၁၀ရက်နေ့က သတင်းပို့ချက်အရ အမေရိကန် အမျိုးသားလုံခြုံရေးနှင့် ကုန်သွယ်ရေး ထိပ်တန်းအရာရှိကြီးများ၏ ကိုယ်ရေးကိုယ်တာသုံး အီးမေးများကို ၂၀၁၀ခုနှစ် ဧပြီလကတည်းက တရုတ်ဟက်ကာများကို ဖောက်ထွင်းလာခဲ့ကြည်သည်ဟု ဆိုသည်။

သို့ရာတွင် အမေရိကန်ထောက်လှမ်းရေးအရာရှိတစ်ဦးနှင့် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA)၏ သတင်းစာရှင်းလင်းပွဲကို ကိုးကားဖော်ပြချက်အရ ဖောက်ထွင်းခံရမှုများထဲတွင် အကြီးတန်းအရာရှိများ၏ ကိုယ်ရေးကိုယ်တာသုံး အီးမေးများ ပါဝင်နေသော်လည်း အစိုးရအဖွဲ့ဝင်များ၏ အီးမေးများတော့ မပါဝင်ဘဲ၊ ၎င်းတို့၏ အီးမေးများမှာ ပို၍ လုံခြုံသည်ဟုဆိုသည်။

တရုတ်နှင့် ဆွေးနွေးဆဲအကြောင်းအရာများကို ပစ်မှတ်ထားဖောက်ထွင်းလေ့ရှိပြီး၊ စက်တင်ဘာလ ဝါရှင်တန်တွင် တွေ့ဆုံသည့်အခါတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဆိုက်ဘာတိုက်ခိုက် မှုပြဿနာနှင့် စပ်လျဉ်း၍ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဖိအားပေးလိမ့်မည်ဖြစ်သည်ဟုလည်း ကယ်ရီ ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly