မန္တလေးတွင် လူမှုအခြေပြု ဗဟိုဌာန နှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်

မန္တလေးတွင် လူမှုအခြေပြု ဗဟိုဌာန နှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်

မန္တလေး စက်တင်ဘာ ၁ ။            ။ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ပူးပေါင်း၍ မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေး နှင့်   ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးတွင် စက်တင်ဘာ(၁)ရက် က လူမှုအခြေပြုဗဟိုဌာန နှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ခဲ့ခဲ့သည်။

လူမှုအခြေပြုဗဟိုဌာန နှင့် ရွေ့လျားစာကြည့်တိုက် ဖွင့်ပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင် နှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ တိုင်းဦးစီးမှူးများ နှင့် မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။

'' ဒီနေရာမှာ မိတ်ဖြစ်ဆွေဖြစ် သာရေးနာရေး နိုင်ငံရေးရောပြောဆိုတာဖြစ်မယ်၊ တစ်ခါတစ်ရံမှာ တစ်နယ်လုံး တစ်မျိုးလုံး ဆွေးနွေးရမယ့် ကိစ္စတွေရှိလာနိုင်တယ်၊ အခုခေတ် သဘာဝဘေးဖြစ်တာရှိတယ်၊ ဒီလိုအကြောင်းအရာရှိတယ်၊ မြို့နယ်ထဲက လမ်းတွေ တံတားတွေ ဖျက်လို့ သွားရေးလာရေးလိုအပ်ချက်အရ ဘာတွေလုပ်မယ်ဆိုတာတွေကို စုဝေးတိုင်ပင်ချင်ရင် ဒီနေရာမျိုးမှာ စုဝေးတိုင်းပင်လို့ ရနိုင်တယ်၊ အဲဒီအတွက်ကိုလဲ အားလုံးကို ဖိတ်ခေါ်ဖို့ ရှိပါတယ်၊ အရပ်ဖက်အဖွဲ့အစည်းတွေ သေသေချာချာ ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်ဖြစ် သေသေချာချာ မဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ဖြစ် ဒီနေရာမှာ အစည်းအဝေးလုပ်ချင်တယ်ဆိုရင်လဲ နေရာချပေးပါမယ်၊ ကလေးသူငယ်ကနေ လူငယ်လူကြီးတွေ အားလုံး ဆုံတွေ့တဲ့နေရာက လူထုအခြေပြုဗဟိုစင်တာဖြစ်ပါတယ် '' ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။

မန္တလေး လူမှုအခြေပြုဗဟိုဌာန ပင်မအဆောက် အအုံအတွင်းတွင်  ပြတိုက်ငယ် ၊ ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်၊ သင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ လေဟာပြင်ကိုယ်ကာယ လေ့ကျင့်ရေးကွင်း၊ စာအုပ်အရောင်း ဆိုင်၊ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံး၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးခန်း တို့ပါဝင်သည်။

အဆိုပါ နေရာတွင် အစည်းအဝေးလုပ်လိုသူများ၊ တွေ့ဆုံပွဲလုပ်လိုသူများအနေဖြင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးသို့ လာရောက်စုံစမ်းနိုင်မည်ဖြစ်သည်။

ရွေ့လျားစာကြည့်တိုက်နှင့်ပတ်သက်ပြီး '' ယနေ့ခေတ် ဖုန်းတွေ ပေါ်လာတဲ့အခါ သတင်းတွေ သိရတယ်၊ ကောင်းတဲ့သတင်းတွေရှိသလို အမှားဖြစ်နိုင်တဲ့ သတင်းတွေရှိပါတယ်၊ ဆင်ခြင်တုံတရားအပေါ် မူတည်ပြီးတော့ ချင့်ချိန်ယုံရမှာပါ၊ ဆင်ခြင်တုံတရားနဲ့ ချင့်ချိန်နိုင်ဖို့ ကိုယ်ဘက်က ပြည့်စုံအောင် စာဖတ်ရပါမယ်၊ ဦးနှောက်ဖွံဖြိုးအောင် လုပ်ရမယ်၊ ဘယ်ဟာက အမှန်လဲ ဘယ်ဟာက အမှားလဲ၊ ဘယ်ဟာက တိုင်းပြည်ကို တည်ဆောက်နေတာလဲ၊ ဘယ်ဟာက ဒီမိုကရေစီကို နှောင်းနှေးအောင် လုပ်နေတာလဲဆိုတဲ့ နိုင်ငံရေးအသိ၊ ပညာရေးအသိ၊ ဆင်ခြင်တုံ တရားအသိတွေအားလုံးက စာဖတ်မှ ရမှာပါ၊ စာမဖတ်ပဲ မရပါဘူး၊ စာဖတ်ဖို့ အရေးကြီးပါတယ်၊ စာဖတ်ဖို့အတွက် စာကြည့်တိုက် အများကြီးရှိရပါမယ်၊ အခု စာအုပ်အရေအတွက် ရှစ်သောင်းကျော် ပါတဲ့ ရွေ့လျားစာကြည့်တိုက်တွေနဲ့ စာကြည့်တိုက်ကို လာစရာမလို့အောင် မန္တလေးတိုင်းဒေသကြီးအတွင်း (၂၈)မြို့နယ်မှာရှိတဲ့ ကျေးရွာတွေထိ ဒီကားနဲ့ အလှည့်ကျ အရောက်သွားပေးမှာဖြစ်ပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက (၂၀၁၃)ခုနှစ် ဇူလိုင်(၂၇)ရက်မှစတင်၍ ရွေ့လျားစာကြည့်တိုက်များ တည်ထောင် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရွေ့လျားစာကြည့်တိုက်ယာဉ် (၁၀)စီး၊စာအုပ်ပေါင်း (၈၈၀၀၀)၊ အသင်းဝင်ပေါင်း (၇၃၀၀၀)၊ စာအုပ်ငှားရမ်းမှု အကြိမ်ပေါင်း (၉၆၀၀၀၀)၊ စာအုပ်တစ်အုပ် ပျမ်းမျှငှားရသော အကြိမ် (၁၀.၉)ကြိမ်၊ ကွန်ပျူတာ အခြေခံသင်တန်းဆင်းပြီးသူ (၁၅၅၅)ဦး ရှိသည်။

ရွေ့လျားစာကြည့်တိုက်တည်ထောင်ဆောင်ရွက်ခြင်းကို မြစ်ကြီးနား၊ နေပြည်တော်၊ နတ်မောက်၊ ကလော၊ အင်းစိန်၊ မြောင်းမြ၊ ကော့မှူး စသည့် မြို့များတွင် လုပ်ဆောင်လျက်ရှိပြီး ယခုအခါ မန္တလေးတိုင်းဒေသကြီးအတွင်း စတင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly