အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း (အပိုင်း ၂)

အထူးကုဆရာဝန်ကြီးပါမောက္ခ ဒေါက်တာခင်မောင်ဝင်းမှ အသည်းကျန်းမာရေးအတွက် ဖြေကြားပေးခြင်း (အပိုင်း ၂)

မဇ္ဈိမ - ကျွန်တော်တို့ နိုင်ငံမှာ အသည်းနှင့် ပတ်သက်ပြီးတော့ ဘယ်လို ရောဂါအမျိုးအစားတွေ အဖြစ်များလဲ။ ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ ရောဂါဖြစ်တယ်ဆိုရင် ဘယ်လို အကြောင်းအကြောင်းတွေကြောင့် အသည်းရောဂါဖြစ်တာလဲ ဆရာ။ အဲတာလေး ရှင်းပြပေးပါအုံး။

Prof: KMW - အသည်းကိုအဓိက မြန်မာနိုင်ငံမှာ တိုက်ခိုက်ဖျက်ဆီးနေတာက အသည်းရောင်အသားဝါ ဘီပိုးနှင့်စီပိုးပဲ။ လူရဲ့ခန္ဓာကိုယ်အသည်းဆိုတာ တော်တော်ကို ခံနိုင်ရည်ရှိတယ်။ ဒီပိုးတွေဟာဘီပိုးဟာတစ်နေ့ကို 100  ဘီလီယံပွားတယ်။ စီပိုးကတစ်နေ့ကို 105 ဘီလီယံပွားတယ်။ အဲတော့ဘီပိုးစီပိုးရှိမှန်း မသိဘဲနဲ့ ဒီလိုသွားလာ နေထိုင်နေတော့ အသည်းထဲကို လှိုက်စားနေတာလေ။ လှိုက်စားတော့တိုက်ပါများတော့ မခံနိုင်တော့ဘူး။ အသည်းက ဆဲလ်တွေပျက်စီးပြီး အသည်းခြောက်အသည်းကင်ဆာ ဖြစ်တာပေါ့။ ပြန်ပြောရမယ်ဆိုရင် အသည်းကို ထိခိုက်ဆုံးက မြန်မာနိုင်ငံအနေနဲ့ ပြောရမယ်ဆိုရင် ၆၀ရာခိုင်နှုန်းလောက်ဟာ အသည်းရောင်အသားဝါ ဘီပိုးစီပိုး၊ ကျန်တဲ့ ၂၀ရာခိုင်နှုန်းလောက် က အရက်။ အရက်ကလည်း စည်းမဲ့ကမ်းမဲ့ အလွန်အကျွံအကုန် ဈေးချိုချိုနှင့် မြန်မာနိုင်ငံမှာ သောက်လို့ အကုန်ရနေတာကိုး။ အဲတော့အရက်ပေါ့။ အရက်ပြီးတော့မှ နောက်ထပ်လိုက်လာတာက ၅ရာခိုင်နှုန်းလောက် အဆီပေါ့။ ကျွန်တော်တို့ မြန်မာတွေဟာ ထုံစံအားဖြင့်ကို အဆီတွေကိုကြိုက်တာ အဆီတွေကိုစားတာ။ အမေတို့အညာမှာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဆီကရာဝင်အိုးကြီးနဲ့ တစ်နှစ်စာ လှောင်ထားတာ။ တစ်နှစ်ကိုရာဝင်အိုကြီးတွေ နှစ်အိုးသုံးအိုးလောက် လှောင်တာ။ ဆီကိုလက်နေမှအခု မြန်မာထမင်းဆိုင်တစ်ခုကို သွားစားတယ်။ ယနေ့ရန်ကုန်မှာ သွားစားမယ်ဆိုရင် ဟင်းတုန်းမမြင်ရဘူး။ ဆီကဖုံးနေတာ။ အဲလိုအဆီကကြိုက်တာ။ အဲလိုကြိုက်တဲ့အထဲမှာ အနောက်တိုင်းက သူတို့နိုင်ငံမှာရှုံ့ချထားတဲ့ဟာတွေက အကုန်ဝင်လာပြီးပေါ့။ fast food chains လို့ ခေါ်တဲ့ အလုပ်သမားလူတန်းစားတွေဟာ အလုပ်လုပ်ရင်းနဲ့ ဟမ်ဘာဂါလေး ကိုက်စား Coke  တစ်ဗူးလောက်နဲ့ ဖန်ခွက်ကြီးတစ်ခွက်နဲ့ အဲလို အနိမ့်စား လူတန်းစားစားတဲ့ဟာတွေဟာ မြန်မာနိုင်ငံမှာ သူဌေးသားလူကုန်တန်အလွှာ ပိုက်ဆံရှိတဲ့ သူတွေစားတာ ဖြစ်နေတယ်။ ဝင်လာနေပြီ။ စင်္ကာပူမှာရှိတာတွေ အကုန်လုံးက မြန်မာပြည်မှာ ရနေပြီ။ အဲဒီမှာလည်း အာလူးကြော်ဆိုတာက ဆီထဲကို နစ်နေအောင် ကြော်ထားတာ။ သူတို့နိုင်ငံမှာက အရမ်းရှုံ့ချတယ်။ အာလူးကို ဆီနဲ့ချက်ရင် အာလူးအတွင်းထိ ဆီက မဝင်ဘူး။ ဆီထဲမှာ နစ်နေအောင် ကြော်လိုက်လို့ရှိရင် အဲဒီအထဲမှာ အကုန်ဝင်တယ်ပေါ့။ အဲလိုဟာတွေကလည်း ဝင်လာတယ်။ နောက် အကြော်အလှော်တွေကလည်း ကျွန်တော်တို့က ကြိုက်တယ်။ ကြိုက်တဲ့အပြင်မှာ ပိုဆိုးတာက လမ်းဘေးအကြော်ဆိုင်တွေမှာဆိုရင် ဒီနေ့ကြော်ပြီး ကျန်တဲ့ဆီတွေကို မသွန်ပစ်ဘူး။ သေချာတယ် နောက်နေ့ပြန်အသုံးပြုတယ်။ အဲလို ကြော်ရင်းကြော်ရင်းနဲ့ အဲဒီမှာ ကင်ဆာဖြစ်နိုင်တဲ့ ဓါတုဗေဒ ပစ္စည်းတွေက ပြန်ပါလာဦးမယ်။ အဲဒါက နောက်ထပ် ဘေးထွက်ဆိုးကြိုးတစ်ခု။ အဲတော့ အသည်းဆီဖုံးရောဂါ ဖြစ်နိုင်တာက ဘယ်လိုလဲဆိုတော့ မြန်မာနိုင်ငံမှာ အားပေးတဲ့ အချက်အလက်တွေက နဂိုကတည်းက ဆီကို စားတယ်။ အနောက်တိုင်းက သူတို့ လက်မခံတော့ဘူးဆိုပြီး ဝင်လာတယ်။ လူရဲ့ လှုပ်ရှားမှုက အရမ်းနည်းသွားတယ်။ ပြီးတော့ အစားအသောက် မူမမှန်မှုတွေပေါ့။ လူငယ်တွေက အိပ်ရေးတွေပျက် ညဘက် ဟိုဟာတွေကြည့် ဒီဟာတွေကြည့် ဖေ့ဘုတ်တွေကြည့် ဆိုတော့ တဖြည်းဖြည်းနဲ့ လူငယ်တွေရဲ့ Life Style တွေက ပြောင်းလာတယ်။ လူနေမှုအဆင့်အတန်းကို။ အဲဒါကြောင့် အဆီဖုံးတယ်။ ကျန်တဲ့ ၅ ရာခိုင်နှုန်းလောက်ကတော့ မျိုးစုံပေါ့ မှိုကြောင့်ဖြစ်တာ တခြားအရာတွေကြောင့် ဖြစ်တာပေါ့။ ဒါပေမယ့် အဓိက ခြုံပြောရမယ်ဆိုရင် ဘီပိုး စီပိုးနဲ့ အရက် ၊ အဆီက နည်းနည်းတက်လာပြီးနောက် ဘီပိုးနဲ့ စီပိုးက ကုလို့ရလာပြီဆိုတဲ့အချိန်မှာ အဆီက တဖြည်းဖြည်းနဲ့ တက်လာပြီးတော့ အငိုက်မှာ ပြန်ပြီးတော့ မြန်မာပြည်ရဲ့ လူတန်းစားတက်ရပ်လုံးကို အကုန် ထိခိုက်နေပြီ။

မဇ္ဈိမ - ဒါက စိုးရိမ်စရာ အခြေအနေလို့ ပြောလို့ရပြီပေါ့နော်။ ဆရာကြီး ပြောသွားတဲ့ အထဲမှာဆိုရင်လည်း ဘီပိုး စီပိုးဆိုတာက နေ့စဉ် ပွားများမှုနှုန်းက ဘီလျံနဲ့ချီပြီးတော့ ရှိနေတယ်ပေါ့နော်။ ကျွန်တော်တို့ ဆီမှာလည်း ပရိသတ်တွေဆီကနေ မေးထားတဲ့ မေးခွန်းတစ်ချို့တွေလည်း ရထားပြီးပါပြီ။ ဆရာကြီးပြောသွားတဲ့ ဘီပိုး၊ စီပိုးနဲ့ ပတ်သက်ပြီးတော့လည်း မေးထားတဲ့ မေးခွန်းတစ်ခု ရှိတယ်ခင်ဗျ။ မေးပါရစေ။ မေးထားတဲ့သူကတော့ အသည်းကြီးတယ် ဆိုရင်ရော ဘီပိုး စီပိုး ရှိနိုင်သလားဆိုပြီးတော့ မေးထားတယ်ခင်ဗျ။ အဲဒါကိုလည်း ဖြေကြားပေးစေလိုပါတယ်။

Prof: KMW - အသည်းကြီးနိုင်တဲ့ အကြောင်းအရာတွေက အများကြီးပဲ။ ဘီပိုး၊ စီပိုးတင်မကဘူး အရက်ကြောင့်လည်း ကြီးနိုင်တယ်။ အဆီကြောင့်လည်း ကြီးနိုင်တယ်။ နောက် အသည်းကြီးတာတစ်ခုတည်းနဲ့ ဘီပိုး၊ စီပိုး ရှိတယ်လို့ မပြောနိုင်ပါဘူး။ အသည်းကြီးနိုင်တဲ့ အကြောင်းအရာတွေက အများကြီး ရှိနိုင်တဲ့အတွက် အကြောင်းဇစ်မြစ်ကို ရှာဖွေပြီး စနစ်တကျ ကုသရပါမယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါဆရာကြီး။ ပရိသတ်တစ်ဦးဖြစ်တဲ့ Daw Htay Htay Kyi က မေးထားပါတယ်။ သူမေးထားတာကတော့ အသည်းအဆီဖုံးရင် ဘယ်လိုဆေးမျိုးကို သောက်သုံးသင်သလဲဆိုတာ ဆရာကြီးအနေနဲ့ အကြံပေးပေးပါတဲ့။

Prof: KMW - စိတ်တော့မပျက်နဲ့ Daw Htay Htay Kyi ရေ။ ယနေ့တိုင် ဆရာ နောက်ဆုံးတိုက်ခဲ့တဲ့ ၂၀၁၇ ဧပြီတုန်းက တိုက်ခဲ့တဲ့ ဥရောပ အသည်းရောဂါ အစည်းအဝေးအထိ ယနေ့အထိ အသည်းဆီဖုံး ရောဂါကို ပျောက်အောင် ကုနိုင်တဲ့ ထိရောက်အောင်ကုနိုင်တဲ့ဆေး ကမ္ဘာပေါ်မှာ မရှိသေးဘူး။ အဓိက ဘာကိုပြောင်းရမှာလဲ နေထိုင်မှုပုံစံ ပြောင်းရမယ်။ အစားအသောက်တွေ ပြောင်းရမယ်။ ဝတာတွေကို ပြင်ရမယ်။ အဲဒီနည်းနဲ့ပဲ ကုလို့ရမယ်။ ဘယ်ဆေးလို့တော့ အတိအကျ မရှိသေးဘူးလို့ပဲ ဆရာပြောရမယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါ။ အဲတော့ ဆေးထက်ကို ကိုယ်ကိုတိုင်က ကာကွယ်တဲ့အနေနဲ့ လေ့ကျင့်ခန်းတွေ ပြီးတော့ အဝမလွန်အောင် အစားအသောက်ပုံစံတွေ ထိန်းသိမ်းသင့်တာပေါ့နော်။ နောက်ထပ် မေးခွန်းတစ်ခုမှာကျတော့ ဟိန်းထက် ဆိုတဲ့ တစ်ယောက်က မေးထားတာပါ။ သူမေးတဲ့ မေးခွန်းကတော့ အသည်းရောဂါ မဖြစ်အောင် ဘာတွေ စားသုံးသင့်ပါသလဲတဲ့။ ဆရာကြီး အရှေ့မှာပြောခဲ့တဲ့ အစားအသောက် အပြုအမူတွေနဲ့လည်း ဆိုင်မယ်လို့ ထင်ပါတယ်။ အဲဒါလေးကိုလည်း ဆရာကြီး ဖြေကြားပေးပါခင်ဗျာ။

Prof: KMW - ဒီနေရာမှာက နှစ်ခုရှိတာပေါ့။ အသည်းရောဂါ မဖြစ်အောင်ဆိုတာက အဆီကလည်း တိုက်ရိုက် အသည်းရောဂါ မဖြစ်နိုင်တော့ ဆီနဲ့ကြော်တာကို မစားနဲ့။ တတ်နိုင်သ၍ရှောင်။ ဥပမာ အင်္ဂလန်က အလယ်တန်းကျောင်းကလေးတွေမှာ အာလူးကြော်ကို တစ်ပတ်ကို နှစ်ရက်ထက် ပိုစားခွင့် မရှိဘူး။ ခုနကပြောသလို ကြော်လိုက်တဲ့အခါမှာ အသား၊ အသီးအရွက်၊ အာလူး အထဲထိ ဆီက ဝင်သွားတာ။ ဟင်းချက်တယ်ဆိုတာက အထဲကို မဝင်ဘူး။ အာလူးကြော်တစ်ခုကို စားလိုက်တာနဲ့ အာလူးကြော်တစ်ထုပ်က သာမာန် Standard Size ဆို ကယ်လိုရီက ၃၀၀ နဲ့ ၄၀၀ ဂရမ်လောက်ရှိတယ်။ ကိုက်စားလိုက်ရင် ဘာမှမကြာဘူး ငါးမိနစ် ဆယ်မိနစ်အတွင်း အာလူးကြော်တစ်ထုပ်က ကုန်သွားရော။ အဲဒီ ကယ်လိုရီ ၃၀၀၊ ၄၀၀ ကို ကုန်ဖို့ဆိုရင် ဆူးလေဘုရားကနေ ဦးဝိဇာရ ကျောက်တိုင်ကို အသွားအပြန် လျှောက်ရတယ်။ အဲဒါမှ ကုန်တယ်။ အဲတော့ ကုန်ဖို့ ဖြုန်းဖို့ကတော့ လွယ်တယ်။ ကိုယ်ထဲကို ကယ်လိုရီ ဝင်လာတော့ အရမ်းလွယ်တယ်။ ဒါပေမယ့် အဲဒီကယ်လိုရီတွေ ပြန် burn လုပ်ဖို့ဆိုတာတော့ အရမ်းခက်တယ်။ အဲဒါကြောင့်မလို့ ဆီကြော်တွေကို မစားပါနဲ့။ နောက်တစ်ချက်ကတော့ အသည်းရောဂါ မဖြစ်အောင်ဆိုတဲ့နေရာမှာ ဘီပိုး၊ စီပိုးကြောင့် အရက်ကြောင့် အသည်းက ခြောက်နေပြီဆိုလို့ရှိရင် အဓိက အငံရှောင်ရမယ်။ အငံတွေ ငါပိ၊ ငါခြောက် ဗမာလူမျိုးကလည်း စားသလားမမေးနဲ့။ ငပိရည်ဆိုတာ နေ့တိုင်းစားတဲ့အရာကိုး။ အဲတော့ အငံတွေ ရှောင်ရမယ်။ နွယ်ချိုပါတာတွေ အများကြီး မစားရဘူး။ လျက်စားတွေ အများကြီး မလျက်နဲ့။ နွယ်ချိုပါလို့ရှိရင် သူက ခြေထောက်ရောင်တယ် ရေဖျင်းစွဲတတ်တယ်။ နွယ်ချိုပါတယ်ဆိုတာ လျက်စား ရှောက်သီးဆေးပြား အကုန်လုံးမှာ နွယ်ချိုပါတာပေါ့။ ပြီးတော့ အချိုမှုန့်တွေ သိပ်မစားနဲ့။ အချို့မှုန့်တွေကလည်း ဆိုဒီယမ်မိုလို့ ဆီုဒီယမ်ဆိုတာကလည်း ရောင်တက်တာပဲလေ။ အဲတော့ ပြန်ပြောရမယ်ဆိုရင် အငံတွေရှောင်ပါ။ နွယ်ချိုရှောင်ပါ။ အချိုမှုန့်ရှောင်ပါ။ ပြီးဆော့ ဆော်ဒါတွေပေါ့။ ဆော်ဒါမှုန့်နဲ့ လုပ်တဲ့ဟာတွေ တက်နိုင်သမျှ လျော့ပြီးတော့ စားသင့်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါ။ နောက်ထပ်မေးခွန်းတစ်ခု ရှိပါသေးတယ်။ Aung Thwin က မေးတာပါ။ သူမေးတာက အသက်ရှူရကြပ်တယ်။ အသက်ရှူမဝတာက အသည်းရောင်တာ အဆီဖုံးတာနဲ့ ဆိုင်ပါသလားတဲ့။ သူဆိုလိုချင်တာကတော့ သူ့မှာ အသက်ရှူကျပ်တာတွေ၊ အသက်ရှူမဝတာတွေ ရှိတယ်ပေါ့နော်။ သူသိချင်တာက အဲဒါတွေက အသည်းဆီဖုံးတာနဲ့ ဆိုင်လားလို့ မေးထားပါတယ်။ ဆရာကြီး ဘယ်လိုမျိုး ဖြေကြားပေးချင်ပါသလဲ။

Prof: KMW - အသည်းဆီဖုံးဆိုတာက အသည်းလေးတစ်ခုတည်း အဆီဖုံးလို့မရဘူး။ အသည်းဆီဖုံးဖြစ်ပြီ ဆိုကတည်းက နှလုံးအဆီဖုံးလည်း ဖြစ်ပြီ။ နှလုံးမှာကလည်း အဆီက ဖုံးပြီ တခြားနေရာတွေမှာလည်း သွေးကြောတွေမှာလည်း အဆီက ဖုံးပြီဆိုတော့ နှလုံးမှာ အဆီဖုံးတယ်၊ သွေးကြောတွေမှာ အဆီဖုံးတယ်ဆိုလို့ရှိရင် အသက်ရှူမဝဘူး၊ အသက်ရှူကျပ်တာ ဖြစ်နိုင်တာပေါ့။ အသည်းအဆီဖုံးလို့တော့ တိုက်ရိုက်တော့ မောတာ၊ ကျပ်တာတော့ မဖြစ်နိုင်ဘူး။ သို့သော် အသည်းအဆီဖုံးနဲ့ ယှဉ်တွဲပြီးဖြစ်တဲ့ လူ့ခန္ဓာကိုယ်မှာ အဆီဖုံးတဲ့ရောဂါတွေ ယှဉ်တွဲပြီးတော့ ဖြစ်နေတဲ့အတွက် တွဲလျက် ဖြစ်နိုင်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ပါ။ ဒါဆို အသည်းမှာ အဆီဖုံးတာမဟုတ်ဘဲ သူနဲ့ဆိုင်ပြီးတော့ နှလုံးမှာလည်း ကလီစာတွေက ဆက်စပ်နေပြီးတော့ ဒီအတွက်လည်း နှလုံးမှာ သွားထိခိုက်ပြီးတော့ ဖြစ်တာပေါ့နော်။ အဓိကကတော့ ဆရာကြီး အရှေ့မှာ ပြောခဲ့သလိုမျိုး အသည်းကတော့ အားလုံးအတွက်ကို ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ဟာဆိုတော့ သူသာဖောက်ပြီဆိုရင် ကျန်တဲ့ဟာတွေမှာလည်း အရေးကြီးတာပေါ့နော်။ ဒါဆိုရင် တော်တော်လေးကို အသည်းကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စောင့်ရှောက်ရမှာပေါ့နော်။ နောက်ထပ်မေးခွန်းတွေလည်း အများကြီး ရှိပါသေးတယ်။ အချိန်တစ်ချို့လည်း ကျန်သေးတဲ့အတွက်ကြောင့် မေးခွန်းတွေကို ဆက်လက်ပြီး ဖြေကြားပေးပါဦး ။နောက်တစ်ယောက်ကို ရွေးချယ်ရမယ်ဆိုရင်တော့ Moe Htet ရဲ့ မေးခွန်းကို ဖြေကြားပေးလိုပါတယ်။ သူက ဘာကိုမေးထားလဲဆိုတော့ စီပိုးရှိတဲ့သူနဲ့ တစ်အိမ်တည်းအတူနေရင် ရောဂါ ကူးစက်လွယ်ပါလား၊ မကူးဆက်အောင် ဘယ်လိုနေထိုင်သင့်ပါသလဲဆိုပြီးတော့ မေးမြန်းထားပါတယ်ခင်ဗျာ။

Prof: KMW - အသည်းရောင်အသာဝါ စီပိုးဟာ ဘီပိုးထက်စာရင် ကူးစက်မှုနှုန်း အဆတစ်ရာ နည်းတယ်။ အတော်ကို ကူးစက်ဖို့ ခဲယဉ်းတဲ့ပိုး။ ချွေး၊ တံတွေးက မကူးတဲ့အတွက် တစ်အိမ်ထဲမှာ အတူနေထိုင် စားသောက်ဖို့ ပန်းကန်ခွဲထားစရာမလိုဘူး၊ အဝတ်တွေ ခွဲလျှော်စရာမလိုဘူး၊ ဟိုဟာခွဲ ဒီဟာခွဲ ခွဲစရာမလိုဘူး။ သို့သော် မုတ်ဆိတ်ရိတ်မယ်၊ နှုတ်ခမ်းမွှေးရိတ်မယ်၊ သွားပွတ်တံ သွေးနဲ့ထိနိုင်တဲ့အရာတွေကတော့ အတူတူ မသုံးနဲ့ပေါ့။ လင်မယားတောင် မကူးဘူး။ ယောကျ်ားနဲ့ မိန်းမတောင်မှ အမေရိကန် အသည်းရောဂါအဖွဲ့ကနေပြီး အကာအကွယ် သုံးစရာ မလိုဘူးလို့ ပြောတယ်။ ဘယ်လိုဖြစ်လို့ ပြောတယ်ဆိုတာက ဒီလိုလေ ဒီလောကမှာ ပြောတဲ့အခါမှာ ဒေတာတွေရှိရတယ်။ သူတို့ဟာ လင်မယားစုံတွဲ ၇၇၈ ယောက်ကို ဆယ်နှစ်တိတိ လေ့လာတယ်။ တစ်ချို့က ယောက်ျားမှာရှိတယ်၊ တစ်ချို့က မိန်းကလေးမှာရှိတယ်။ Follow Up လိုက်ကြည့်တဲ့အခါမှာ တစ်ယောက်မှ ကူးစက်တာ မတွေ့ဘူး။ ဒါပေမယ့် ကူးစက်မှာက မြန်မာလူမျိုးက သွေးဖောက်မယ်ဆိုရင် ကျွန်တော်ဖိပေးမယ်ဆိုပြီး ဖိပေးလိုက်တယ် အဲလို သွေးနဲ့ တိုက်ရိုက်ထိရင်တော့ ကူးမယ်။ နောက်တစ်ခုက ဆီးချို ရောဂါသည်တွေပေါ့။ သွေးတွေဖောက်စစ်ပြီး အဲဒီသွေးတွေက ဟိုကျ ၊ ဒီကျ ၊ ဒီဖိတ်၊ ဟိုဖိတ် အဲလိုက ကူးနိုင်တယ်။ ဟဲ့ ငါဆီးချိုစက်လေး ဝယ်လာပြီ အိမ်ကလူတွေ လာစမ်း ငါဖောက်ပေးမယ် နင့်ကို။ အဲဒီမှာ သူ့ဆီက သွေးအကျန်နဲ့ထိပြီး ကူးနိုင်တယ်။ အဓိက,က သွေးနဲ့ထိမှပဲ ကူးပါတယ်။ သွေးနဲ့မထိဘူးဆိုရင် တစ်အိမ်တည်းမှာ အတူ နေထိုင်စားသောက်လို့ ဘယ်လိုမှ ကူးစရာ အကြောင်းမရှိပါဘူး။ နောက်ဆုံး ကုန်ကုန်ပြောမယ် လင်မယားတောင် မကူးပါဘူး။ မိခင်နဲ့ ကလေးလည်း မကူးစက်ပါဘူး။

မဇ္ဈိမ - ဟုတ်ကဲ့ခင်ဗျ။ ဒါဆိုရင် ချွေးတို့ဘာတို့နဲ့တော့ မကူးဘူး သွေးနဲ့ထိရင်တော့ ကူးနိုင်တယ်။ ခုနက ဆရာကြီးပြောသွားတယ် သွေးနဲ့ထိတယ်ဆိုရင် ဥပမာ HIV ဆိုရင် သွေးမှာ အနာရှိတဲ့လူအပေါ်မှာ အခြား ပိုးရှိတဲ့သူရဲ့သွေးထိရင် ဒဏ်ရာတွေကနေပြီးတော့ ရနိုင်တယ်ပေါ့။ ဒီ စီပိုးကျတော့ သွေးကနေ ကူးလို့ရတယ်ဆိုပေမယ့် ဘယ်လိုမျိုးအခြေအနေမှာပဲ ကူးတာလဲ အနာလား၊ သာမာန် ဒီလိုထိလိုက်တာနဲ့ ကူးနိုင်လား။

Prof – KMW - ထိတာနဲ့ ကူးနိုင်တယ်။ ကျွန်တော်တို့က အခု ချွေးပေါက်လေးတွေကို ကြည့်ကြည့် မျက်စိနဲ့တောင် မြင်နိုင်တယ်။ အဲဒါကို Electro-Microscope နဲ့ ကြည့်မယ်ဆိုရင် အဆတစ်ရာဆိုရင် ချွေးပေါက်တွေက အကြီးကြီး မြင်ရတယ်။ အဲတော့ ဒီမှာက အပေါက်တွေက ရှိနေတယ်။ ဒါက အရေပြားမှာ အနာရှိမှမဟုတ်ဘူး သွေးမှန်သမျှက။ မည်သူမဆို ရောဂါရှိပြီဆိုရင် ကူးစက်နိုင်သောသူလို့ သတ်မှတ်ထားရမယ်။ စနစ်တကျ ကာကွယ်ထားရမယ်။ သွေးဆိုတာ လုံးဝ မထိရဘူး။ ဘယ်သွေးနဲ့မှ လုံးဝမထိသင့်တဲ့ဟာပါ။

မဇ္ဈိမ - သွေးက ကူးစက်လွယ်တာပေ့ါနော်။ ဘယ်လိုအခြေအနေမျိုးမှာမဆိုပေါ့။ နောက်ထပ် ခင်ခင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မေးထားပါတယ်။သူမေးတာကတော့ အသည်းခြောက်ပြီး စီပီးရှိရင် ကုသနည်းနဲ့ ပျောက်နိုင်ပါသလားတဲ့။

Prof: KMW - ဒီမေးခွန်းက တော်တော်လေးကို မေးသင့်တဲ့ မေးခွန်းပါပဲ။ အရင်တုန်းက ကျွန်တော်တို့က အသည်းခြောက်တယ်ဆိုရင် လူနာကိုပြောတယ်။ အသည်းခြောက်တဲ့အဆင့်က လေးဆင့်ရှိတယ်။ လေးမှာမှ ၁၀ ကနေ ၇၀ အထိရှိတယ်။ အဲတော့ ၃ တို့ ၄ အဆင့်မှာလည်း ၁၀၊ ၂၀ အဲလောက်မှာဆိုရင်တော့ သူ့ကို ဖြစ်စေချင်တတ်တဲ့ အရာကို ကုသမယ်ဆိုရင် အသည်းခြောက်တာက ပျောက်တယ်။ ဥပမာ ဘီပိုးကို ပျောက်အောင်ကုရင် အသည်းခြောက်တာ ပျောက်တယ်။ စီပိုးကိုကုရင် အသည်းခြောက်တာပျောက်တယ်။ ကျွန်တော် ရှေ့မှာလည်း ပြောခဲ့တယ်။ သိပ္ပံလောကမှာ စကားပြောရင် ငါ့အတွေ့အကြုံက လူငါးထောင်ကို ကြည့်ပီးပီး လုံးဝ မရပါဘူး။ ဘယ်မှာလဲ အချက်အလက် ဒေတာ အဲဒါက ပြင်သစ်နိုင်ငံက အသည်းပါရဂူ ပရော်ဖက်ဆာ မာဆဲလင် ဆိုတဲ့ ပုဂ္ဂိုလ်က အသည်းခြောက်တဲ့လူ စီပိုးရှိတဲ့လူတွေကို ကုပြီးတော့ တစ်ခါတည်း ခြောက်လတစ်ကြိမ် အသည်းကို ယူထားတယ်။ ယူသွားတဲ့အခါမှာ ငါးနှစ် ခြောက်နှစ်လောက်လည်း ပြည့်ရော ဘီပိုးရှိတဲ့လူမှာရော အသည်းခြောက်တဲ့ပိုး ပိုပြီးတော့ လျော့သွားတယ်။ အသည်းခြောက်တယ် အသည်းမှာရှိတဲ့ အနာရွတ်တွေက ပြေပျောက်ကုန်တယ်။ အဲတော့ မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင် သိပ်အလွန်ဆုံး နောက်ဆုံးအဆင့်ကြီးမဟုတ်ဘူးဆိုရင် ဘီပိုး၊ စီပိုးတွေရှိရင် အရက်သမားဆိုလည်း အရက်ဖြတ်ရင် အထူးသဖြင့် ဘီပိုးနဲ့စီပိုး စနစ်တကျ ကုသမယ်ဆိုရင် အသည်းခြောက်ရောဂါက ပျောက်ပြီး သက်တမ်းပြည့်ထိ နေနိုင်ပါတယ်လို့ ဆရာက ပြောချင်ပါတယ်။ ဆိုလိုတာက မထူးတော့ပါဘူးဆိုပြီးတော့ မကုဘဲ မနေပါနဲ့ ကုမယ်ဆိုလို့ရှိရင် ကုသမှု ယူမယ်ဆိုလို့ရှိရင် အခုခေတ်မှာ ဘီပိုးအတွက်ရော စီပိုးအတွက်ရော နောက်ဆုံးပေါ် ဆေးတွေ အကုန် မြန်မာပြည်မှာ ရရှိနေပြီဆိုတဲ့အတွက် ကုသမယ်ဆိုရင် အသည်းခြောက်တာ နောက်ဆုံးအဆင့် လွန်တဲ့အဆင့် မဟုတ်သေးဘူးဆိုရင် ပျောက်နိုင်ပါတယ်။ ရဲရဲကြီး ပြောရဲပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော် နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးပါရစေ။ သူကတော့ လွန်ခဲ့တဲ့ ၁၂ နှစ်က စပြီးတော့ ဘီပိုးကို တွေ့ထားပါတယ်။ အသည်းအားဆေးလည်း နေ့တိုင်းသောက်ပါတယ်တဲ့။ Ultrasound ကိုလည်း ရိုက်ကြည့်ပါတယ်တဲ့။ အသည်းပုံစံက ကြီးတာသေးတာ ဘာမှမဖြစ်ဘူးတဲ့။ ပြောင်းတာ မတွေ့ဘူးတဲ့။ ဒါပေမ့် နှစ်ကြာနေပြီဆိုတော့ စိတ်ပူလာလို့ အန္တရာယ်ရှိလားဆိုတာ သိချင်ပါတယ်တဲ့။ ဒါပေမယ့် နေလို့တော့ကောင်းပါတယ်တဲ့။

Prof: KMW - အင်း အခုမေးခွန်း မေးတဲ့အတိုင်းပဲ လူတွေက လုပ်နေကြတယ်။ ဒီအတိုင်းကောင်းတယ် ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သူက အသည်းထဲမှာ 8 cm အလုံးပေါ်ပြီဆို ၆ လပဲ။ ပိုမနေရဘူး။ ဗိုက်မှာ ရေဖျင်းဆွဲပြီ မျက်လုံးပါဝါလာရင် လစ်ပြီ။ အဲတော့ ကောင်းနေလို့ လူနာတွေကို ကျွန်တော် အမြဲစတယ်။ ဆရာ ကျွန်တော်ကောင်းနေလို့ လာမပြတာ။ အေ ကောင်းနေရင် မင်းကောင်းနေလို့ လာမပြလို့ မရဘူးလေ။ မင်းအသည်းကို လိုက်စားနေတာ။

အပိုင်း (၃) ဆက်လက်ဖော်ပြပေးပါမည်။

အပိုင်း (၁) ပြန်လည် ကြည့်ရှု့ရန် - http://www.mizzimaburmese.com/article/31448

အပိုင်း (၂) ရုပ်သံ ကြည့်ရှု့ရန် - https://web.facebook.com/MizzimaDaily/videos/1657142164320682/

Mizzima Weekly