ဆန်တန်ချိန် တစ်သိန်းမှ သုံးသိန်းကြား မြန်မာနိုင်ငံထံမှ ဘင်္ဂလာဒေ့ရှ် ဝယ်ယူလို

ဆန်တန်ချိန် တစ်သိန်းမှ သုံးသိန်းကြား မြန်မာနိုင်ငံထံမှ ဘင်္ဂလာဒေ့ရှ် ဝယ်ယူလို

ရေကြီးမှုများကြောင့် ကောက်ပဲသီးနှံစိုက်ခင်းများ ပျက်စီးနေ၍ လိုအပ်သည့် စားနပ်ရိက္ခာအတွက် အလျင်မပြတ်အောင် ဖြေရှင်းနိုင်ရေး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံထံမှ ဆန်ဝယ်ယူရန် စဉ်းစားလျက်ရှိနေသည်။

မြန်မာ့ဆန် တန်ချိန် တစ်သိန်းနှင့် သုံးသိန်းကြား တင်သွင်းနိုင်ရေး စဉ်းစားလျက်ရှိသည်ဟု ရန်ကုန်က ဘင်္ဂလားဒေ့ရှ် သံတမန်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။

“မြန်မာနိုင်ငံဖက်က ပြန်ရောင်းနိုင်မယ့်အပေါ် မူတည်ပြီး ကျွန်တော်တို့ဖက်က တင်သွင်းဖို့ကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ပါမယ်။”ဟု ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးမှ ကုန်သွယ်ရေး အတိုင်ပင်ခံ Hasan Khaled Foisal က ပြောသည်။

ဘင်္ဂလားဒေ့ရှ်တွင် မကြာသေးမီက လူပေါင်း ၆၀ နီးပါး သေဆုံးသည့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာတွင် ကောက်ပဲသီးနှံစိုက်ခင်းများလည်း ပျက်စီဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။“ကျွန်တော်တို့ အစိုးရက စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိရအောင် အရန်သိုလှောင်မှု ဖူဖူလုံလုံ ရှိရေးကို ကြိုးစားနေတာပဲဖြစ်ပါတယ်။”ဟု Kahled Foisal က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စားနပ်ရိက္ခာဝန်ကြီးသည် ဗီယက်နမ်ထံမှ အစိုးရချင်း ဆန်အရောင်းအဝယ်ကိုလည်း သဘောတူညီမှု ရထားကြောင်း ဌာနေမီဒီယာများတွင် အစောပိုင်းက ဖော်ပြသည်။ ဗီယက်နမ်ထံမှ ပေါင်းဆန် တန်ချိန် ငါးသောင်းကို တစ်တန် အမေရိကန်ဒေါ်လာ ၄၇၀ ဈေးဖြင့်လည်းကောင်း၊ ဆန်ဖြူ တန်ချိန် နှစ်သိန်းကို တစ်တန် အမေရိကန်ဒေါ်လာ ၄၃၀ ဖြင့်လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝယ်ယူရန် သဘောတူခဲ့ကြခြင်းဖြစ်သည်။

၂၀၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံထံမှ ဆန်တန်ချိန် နှစ်သိန်းခွဲ ဝယ်ယူတင်သွင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly