ဝန်ကြီးချုပ် မိုဒီ ခရီးစဉ်မတိုင်ခင် အိန္ဒိယဒီဇယ်သွင်းကုန်များ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာတော့မည်

ဝန်ကြီးချုပ် မိုဒီ ခရီးစဉ်မတိုင်ခင် အိန္ဒိယဒီဇယ်သွင်းကုန်များ မြန်မာနိုင်ငံကို စတင်ရောက်ရှိလာတော့မည်

စက်တင်ဘာ ၁ ။         ။ အိန္ဒိယထံကနေ ပထမအသုတ်အဖြစ် တင်ပို့လိုက်တဲ့ ဒီဇယ်ဆီတွေဟာ လာမယ့် စက်တင်ဘာ ၃ ရက်မှာ မြန်မာနိုင်ငံဆီ ရောက်ရှိလာတော့မှာ ဖြစ်ကြောင်း Parami Energy ရဲ့စီးအီးအို Ken Tun က စက်တင်ဘာ ၁ ရက်မှာ ပြောသွားပါတယ်။ အိန္ဒိယရဲ့ Numaligarh Refineries NRL ကုမ္ပဏီနဲ့ အကျိုးတူပူးပေါင်းမှုနဲ့အတူ ယခုလို  ဒီဇယ်ဆီတွေ မြန်မာနိုင်ငံဆီ တင်ပို့မှုကို ဆောင်ရွက်နေတာဖြစ်ကြောင်း မြန်မာနှင့် ဘင်းစတက် ဆွေးနွေးပွဲမှာ  ပါရမီစွမ်းအင်ကုမ္ပဏီ၏ စီအီးအို ဦးကံထွန်းက ပြောသွားတာပါ။

မြန်နှုန်းမြင့်ဒီဇယ် သို့မဟုတ် High Speed Diesel ဂါလံ ၄,၀၀၀ တင်ဆောင်လာတဲ့ ထရပ်ကားနှစ်စီးဟာ လာမယ့် စက်တင်ဘာ ၃ ရက်မှာ Moreh မြို့ကို ရောက်ရှိလာမှာဖြစ်ပါတယ်။

"ဒီဇယ်ပို့ကုန်တွေကို နယ်စပ်မြို့ တမူးမြို့ က Parami Energy က တာဝန်ရှိသူတွေက တရားဝင်လက်ခံပေးမှာပါ၊ ဒီအခမ်းအနားကိုလည်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သက်ဆိုင်ရာအစိုးရဝန်ကြီးတွေက ဖန်သားပြင်တွေပေါ်ကနေ ကြည့်ရှုသွားမှာဖြစ်ပါတယ်" လို့ ဦးကံထွန်းက ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ အနေနဲ့ မြန်မာနိုင်ငံကို လာမယ့် စက်တင်ဘာ ၅ ရက်မှာ အလည်အပတ်ရောက်ရှိလာမှာဖြစ်ပါတယ်။

Parami Energy အနေနဲ့ NRL ဆီကနေ high speed diesel ထရပ်ကား ဆယ်စီးကနေ အစီး ၂၀ အကြား သုံးလအထိ နေ့စဉ် တင်သွင်းသွားဖို့ ရှိနေကြောင်းလည်း  Ken Tun က ပြောပါတယ်။ " ဝယ်လိုအား အခြေအနေ တည်ငြိမ်မှု ရှိမရှိ ကျွန်တော် စောင့်ကြည့်ရပါဦးမယ်၊ တကယ်လို ဝယ်လိုအားက အရမ်းကြီးတယ်ဆိုရင်တော့ ပိုက်လိုင်းတည်ဆောက်ပြီး တစ်ခြားပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်" လို့လည်း ၎င်းက မဇ္ဈိမကို ပြောပါတယ်။

အလားတူ မြန်မာနိုင်ငံမှာ နေ့စဉ် သုံးစွဲနေတဲ့  High Speed Diesel စည်ပေါင်း ၂၀၀,၀၀၀ အနက် ၄၀ ရာခိုင်နှုန်းကိုတော့ မန္တလေးနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ သုံးစွဲနေတာဖြစ်တယ်လို့လည်း ၎င်းက ထပ်လောင်းပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နှစ်စဉ် ဒီဇယ်တန်ချိန်ပေါင်း ၅ သန်း လိုအပ်လျက်ရှိပြီး ရေနံကြွယ်ဝတဲ့ အာသံပြည်နယ်ကပဲ ယင်းလိုအပ်ချက်ကို အလွယ်တကူ ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly