ပဲဝယ်မှု လျော့သော်လည်း တင်သွင်းမှုကန့်သတ်ချက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအပေါ် သက်ရောက်မှုမရှိဟု အိန္ဒိယ ပြော

ပဲဝယ်မှု လျော့သော်လည်း တင်သွင်းမှုကန့်သတ်ချက် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအပေါ် သက်ရောက်မှုမရှိဟု အိန္ဒိယ ပြော
Photo-Moe Kyaw ဖေ့ဘုတ်

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲမျိုးစုံကို ဝယ်ယူမှုအများဆုံးဖြစ်သော အိန္ဒိယနိုင်ငံသည် နိုင်ငံတွင်း ပဲထွက်နှုန်း မြင့်မားခြင်းကြောင့် ယခုနှစ်အတွင်း ဝယ်ယူမှု လျော့နည်းမည်ဖြစ်သော်လည်း နှစ်နိုင်ငံ ရေးထိုးထားသည့် စာချွန်လွှာများအပေါ် သက်ရောက်မှုမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံးက ထုတ်ပြန်သည်။

“အိန္ဒိယနိုင်ငံသံရုံးနှင့် အဆင့်ဆင့်သော မြန်မာအာဏာပိုင်များ၊ သက်ဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်ရေး အာဏာပိုင်များတို့ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် ထိုသို့တင်သွင်းမှု ကန့်သတ်ချက်သည် နှစ်နိုင်ငံဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးထားမှုများအပေါ် သက်ရောက်မှု မရှိ” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ထုတ်ပြန်ချက် အပြည့်အစုံ -

အိန္ဒိယနိုင်ငံအစိုးရသည် မကြာမီက တချို့သောပဲများ၏ တင်သွင်းမှုပမာဏ ကန့်သတ်ချက်ဆိုင်ရာ မူဝါဒပြောင်းလဲမှုအချို့နှင့် ပတ်သက်၍ ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။ ဤကဲ့သို့ ကြေငြာရခြင်းမှာ သီးနှံထုတ်လုပ်သည့် ဧရိယာများတိုးလာပြီး အိန္ဒိယနိုင်ငံတွင် ၂၀၁၆-၂၀၁၇ခုနှစ်အတွင်း ပဲများထွက်ရှိ ခြင်း အလွန်များပြားခဲ့သောကြောင့် အိန္ဒိယနိုင်ငံ၏ ပဲအများစုအတွက် ဈေးနှုန်းများလည်း သိသာစွာ ကျဆင်း လာခဲ့ပေသည်။

ဤကိစ္စနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသံရုံးနှင့် အဆင့်ဆင့်သော မြန်မာအာဏာပိုင်များ၊ သက်ဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်ရေး အာဏာပိုင်များတို့ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများတွင် ထိုသို့တင်သွင်းမှု ကန့်သတ်ချက်သည် နှစ်နိုင်ငံဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးထားမှုများအပေါ် သက်ရောက်မှု မရှိကြောင်း ရှင်းလင်းပြောပြခဲ့ပါသည်။

ထိုသို့ နှစ်နိုင်ငံဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးပြီး အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းနိုင်ရန် ရေရှည် G2G အစီအစဉ်သို့ ဝင်ရောက်ရန်အတွက် ၂၀၁၆ခုနှစ်အတွင်း မြန်မာနိုင်ငံ အစိုးရသို့ ကမ်းလှမ်းခဲ့ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ထိုသို့ကမ်းလှမ်းချက်အား မြန်မာနိုင်ငံအစိုးရမှ အပြုသဘော ပြန်လည် တုံ့ပြန်မှု မပြုနိုင်ခဲ့ပါ။

          အိန္ဒိယနိုင်ငံနှင့် မြန်မာနိုငံအကြားထားရှိသော အထူးချစ်ကြည်ရင်းနှီးမှုအရ၊ အိန္ဒိယနိုင်ငံ အစိုးရသည် နိုင်ငံခြား ကုန်သွယ်မှု မူဝါဒမှ စာပိုဒ်(၁.၀၅)အား အောက်ပါအတိုင်း ပြင်ဆင်လိုက်ပါသည်။ ၂၀၁၇ ခုနှစ် သြဂုတ်လ(၅)ရက်နေ့ မတိုင်မီက ကြိုတင်ငွေပေးချေမှု ပြုလုပ်ထားသော ပဲစဉ်းငုံ စာချုပ်များအရ အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ပြီဖြစ်ပါသည်။ ထိုစာချုပ်များသည် မြန်မာအစိုးရမှ အတည်ပြုထားသော Contract Paper များနှင့် Proforma Invoice များ၊ သက်ဆိုင်ရာဘဏ်များမှ အတည်ပြုထားသော Swift Documents မိတ္တူများ ပါရှိရပါမည်။ ဤသို့ ဖြေလျှော့ပေးခြင်းသည် ကြိုတင်ငွေပေးချေပြီး စာချုပ်ချုပ်ဆိုထားသော ပမာဏအား တင်ပို့နိုင်မည်ဖြစ်သောကြောင့် ဤကိစ္စနှင့်ပတ်သက်၍ စိုးရိမ် ပူပန်နေမှုများအား ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly