ဆိုးလ်မြို့တော်မှ ဂျပန်သံရုံးရှေ့ တွင်တောင်ကိုရီုးယား အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ

ဆိုးလ်မြို့တော်မှ ဂျပန်သံရုံးရှေ့ တွင်တောင်ကိုရီုးယား အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြ

ဆိုးလ်း၊ သြဂုတ်-၁၂ ။        ။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်တပ်ဇိမ်အိမ်များတွင် အမှုထမ်းရန်အတွက် ဂျပန်နိုင်ငံက လိင်ကျွန်များအဖြစ် အဓမ္မသွတ်သွင်းခဲ့မှုအပေါ် ထုနှင့်ထည်နှင့် ဆန့်ကျင်ဆန္ဒပြမှုတစ်ခု အတွင်း သြဂုတ်လ ၁၂ရက်နေ့က တောင်ကိုရီးယားအမျိုးသားတစ်ဦးက ဂျပန်သံရုံးရှေ့တွင် သူ့ကိုယ်သူ မီးတင်ရှို့ခဲ့သည်။

ရုပ်သံသတင်းဗွီဒီယိုတွင်မူ အရေးပေါ်ကားရောက်မလာမီအထိ အခြားဆန္ဒပြသူများက စောင်နှင့် ရေသန့်ဘူးကို အသုံးပြု၍ မီးတောက်မီးလျှံများကို ငြိမ်းသတ်ရန် ကြိုးစားနေပုံများ ကိုပြသထား သည်။နောက်ဆုံး တွင် မီးသတ်သမားများက အဆိုပါအမျိုးသားကို ထမ်းစင်ဖြင့် လူနာတင်ကားပေါ်သို့တင်ကာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

မိမိကိုယ်ကို မီးရှို့ဆန္ဒပြသည့် အဆိုပါအမျိုးသား၏ အခြေအနေအတိအကျကို မသိရသေးသော်လည်း သတင်းများအရ အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ဒဏ်ရာမရှိကြောင်း သိရသည်။ Yonhap သတင်းအေဂျင်စီ၏ စုံစမ်းဖော်ထုတ်ချက်အရ အသက်၈၁နှစ်အရွယ်ရှိပြီဖြစ်သည့် ချွိုင်ဟာ မျိုးရိုးအမည်ရှိသော အဆိုပါ အမျိုးသားမှာ တောင်ကိုရီးယားတောင်ပိုင်း ဂွမ်ဂျူးမြို့မှဖြစ်သည်ဟု သိရသည်။  

ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှုမျာ တောင်ကိုရီးယားတွင် ဖြစ်တောင့်ဖြစ်ခဲကိစ္စမဟုတ်ဘဲ၊ အထူးသဖြင့် ၁၉၈၀နှင့် ၉၀အစောပိုင်းကာလများ၏ ဒီမိုကရေစီ လှုပ်ရှားမှုများအတွင်းကျောင်းသား တက်ကြွလှုပ်ရှား သူများစွာမှာ သူတို့ကိုယ်သူတို့ မီးရှို့ဆန္ဒပြခဲ့ကြသည်။

နိုင်ငံရေးဆန့်ကျင်ဆန္ဒပြမှုများတွင်သာ ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြကြသည်မဟုတ်ပါ။ ယခုနှစ် မေလက အသက်၅၆နှစ်အရွယ် မသန်မစွမ်းတစ်ယောက်မှာ ၎င်း၏အိမ်ပိုင်ရှင်နှင့် အချင်းများပြီးနောက် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေသွားသကဲ့သို့၊ ပြီးခဲ့သည့် မတ်လကလည်း ၂၉နှစ်အရွယ်အမျိုးသားတစ်ယောက်မှာ လက်ထပ်ခွင့်တောင်းသည်ကို ချစ်သူရည်းစားက ငြင်းပယ်လိုက်သောကြောင့် အလားတူ ပင် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေသွားခဲ့သည်။

ဂျပန်သံရုံးရှေ့တွင် နောက်ဆုံးအကြိမ် ကိုယ့်ကိုယ်ကိုမီးရှို့ဆန္ဒပြမှုမှာ ၂၀၀၅ခုနှစ်က ဖြစ်ပွားခဲ့ပြီး ထိုစဉ်က အရှေ့ပင်လယ်တွင်းမှ တောင်ကိုရီးယားက ထိန်းချုပ်ထားသည့် ကျွန်းငယ်စုကို ဂျပန်က ပိုင်ဆိုင် သည်ဟု ပြောဆိုမှုအပေါ် ဆန့်ကျင်ဆန္ဒပြစဉ်အတွင်း အသက်၅၄နှစ်အရွယ် အမျိုးသားတစ်ယောက်က ကိုယ့်ကိုယ်ကို မီးတင်ရှို့ခဲ့သည်။

သြဂုတ်လ ၁၂ရက်နေ့က ဆန္ဒပြပွဲတွင်မူ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်၏ ကိုလိုနီပြုမှု အဆုံးသတ်သည့် နှစ်၇၀ပြည့်အထိမ်းအမှတ် အကြိုအနေဖြင့် ဂျပန်သံရုံးရှေ့တွင် ဆန္ဒပြသူ ၁၀၀၀နီးပါး စုရုံးခဲ့ကြ သည်။

တောင်ကိုရီးယားအမျိုးသမီးများကို ဂျပန်စစ်တပ် ဇိမ်အိမ်များတွင် ဇိမ်မယ်များအဖြစ် အလုပ်လုပ်ရန် အဓမ္မသွတ်သွင်းခဲ့မှုအတွက် ဂျပန်နိုင်ငံက ကျေနပ်လောက်အောင် လုပ်ဆောင်မှု မရှိသေးကြောင်းတောင်ကိုရီးယားက ပြောကြားခဲ့သည်။    

ဂျပန်ကမူ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့သည့် ၁၉၆၅ သဘောတူချက်တွင် ပြဿနာကို ဖြေရှင်းပြီးဖြစ်ကြောင်း၊ သဘောတူညီချက်အရ ဂျပန်၏ ၎င်း၏ ကိုလိုနီဟောင်းကို ကန်ဒေါ်လာ သန်း၈၀၀ ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုရီးယားဇိမ်မယ်ပြဿနာက ဆိုးလ်နှင့် တိုကျိုကြားဆက်ဆံရေးကို နှစ်ပေါင်းများစွာ တင်းမာလာနေစေခဲ့ပြီး ဂျပန်အနေဖြင့် နစ်နာကြေး အပြည့်အဝမပေးသေးသရွေ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံစရာအကြောင်းမရှိဟု တောင်ကိုရီးယားသမ္မတ ပက်ဂွမ်ဟီးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly