ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း

ဆေးစွဲအမျိုးသမီးတို့အတွက် လိုအပ်နေတဲ့ ဘိန်းဖြတ်စခန်း
မူးယစ်ဆေးပြတ်ပြီးနောက်ပိုင်း နေအိမ် ဟင်းသီးဟင်းရွက် စိုက်ခင်းမှာ တွေ့ရတဲ့ ရှမ်းပြည်နယ်က အမျိုးသမီးတစ်ဦး   (ဓာတ်ပုံ - ခင်စန္ဒာမြင့်)

ဆေးသမားပြန်လည်ထူထောင်ရေးဂေဟာတွေဟာ အမျိုးသားများအတွက်သာ ဖြစ်နေတတ်ပါတယ်

   ရှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့ကအိမ်ကြီးတစ်ခုထဲမှာအသက် ၄ဝ အရွယ်အမျိုးသမီးက သူ့ဘဝအကြောင်း ပြောပြရင်း မျက်ရည်ကျနေပါတယ်။

 ပျက်စီးနေတဲ့လက်သည်း ပန်းကုံးတွေ၊ အပ်ပေါက်ရာတွေပြည့်နေတဲ့ လက်ဖမိုးနဲ့ မျက်ရည် သုတ်နေသူကမြစ်ကြီးနားသူမကော့ (အမည်လွဲှ) ဖြစ်ပြီး ဆယ်ကျော်သက်ဘဝကချင်ပြည်နယ်   ကျောက်စိမ်းဒေသ ရောက်ချိန်မှာ မူးယစ်ဆေးစွဲသူတစ်ဦးနဲ့ အိမ်ထောင်ကျခဲ့သူပါ။

"သူကနေ့တိုင်းဘိန်းစားနေပြီး ကျွန်မကိုပိုက်ဆံလည်းမပေးတော့ဘူးလေ။ အဲ့ဒီတော့ ကျွန်မလည်း သူ့ကိုအရွဲ့တိုက်ပြီး ဘိန်းလိုက်စားလိုက်တာ စွဲမှန်း မသိစွဲသွားတယ်"လို့ ခပ်ညစ်ညစ်အသားအရေ ပိုင်ရှင်မကော့က ခပ်တိုးတိုး ပြောပြပါတယ်။

ဘိန်းမည်းသုံးတဲ့အဆင့်ကနေ အကြောထဲ ဘိန်းဖြူထိုးသွင်းမှ အာသာပြေတဲ့အဆင့်ကို ရောက်ပြီး ဆယ်နှစ်နီးပါးကြာချိန်မှာတော့ မကော့ကကျောက်မဲမှာ ရှိတဲ့ ဆေးဖြတ်စခန်းတစ်ခုကို   ရောက်လာပါတယ်။ တခြားစခန်းတွေနဲ့ မတူတဲ့ ထူးခြားချက်ကတော့ ဒီစခန်းဟာဆေးစွဲ အမျိုးသမီး တွေကိုလည်း လက်ခံခြင်းပါပဲ။

မူးယစ်ဆေးပေါများတဲ့ နိုင်ငံမှာ သူ့လို မူးယစ်ဆေးစွဲတဲ့ အမျိုးသမီးတွေနေရာ အနံှ့အပြား ရှိနေပေမယ့် ဆေးဖြတ်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတွေကို ဝန်ဆောင်မှုပေးရာ ပြန်လည်ထူထောင်ရေး ဌာနကတော့ အင်မတန် ရှားပါးနေတာပါ။

  လူမှုဝန်ထမ်းလုပ်ငန်း လုပ်ကိုင်သူတွေကတော့ အနာဂတ်မှာ အမျိုးသမီးတွေကိုလည်း ကုသမှု ပေးမယ့် အစီအစဉ်တွေ ပေါ်ပေါက်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

ဆေးဖြတ်စခန်း

 ကျောက်စိမ်းတွင်းဒေသမှာ နေထွက်ချိန်ကနေနေဝင်ချိန်ထိ မြေစာပုံတွေ၊ ကျောက်တွင်းတွေ ကြားထဲ နေကြသူအများအပြားလုပ်ငန်းခွင်အပြီးတစ်နေ့တာ ပြန်လည် လန်းဆန်းစေတဲ့နည်းကတော့ မူးယစ်ဆေးတစ်မျိုးမျိုး သုံးကြခြင်းပါပဲ။ ငြိမ်းချမ်းမှုမရှိခြင်း၊ ဥပဒေသက်ရောက်မှု အားနည်းခြင်းတွေ ဟာလည်း အဲ့ဒီဒေသရောက် မကော့တို့လို အလုပ်အကိုင်ရှာဖွေသူတွေကို မူးယစ်ဆေး သားကောင် ဘဝ ရောက်အောင်တွန်းပို့နေကြတာပါ။

   “မှော်ထဲမှာကဘယ်မှာမဆို(မူးယစ်ဆေး) ဝယ်လို့ရတယ်။ အချင်းချင်းလည်း သူ့မှာမရှိ ကိုယ်ပေး၊ ကိုယ့်မှာမရှိ သူပေးတယ်လေ။ အသက် ၅ဝ၊ ၆ဝ အရွယ်တွေလည်း သုံးတယ်” လို့ မကော့က ပြောပြပါတယ်။

   “လူငယ်တွေအများကြီးသုံးတယ်။ တက္ကသိုလ်ကျောင်းသူတွေလည်း လာဝယ်တာတွေ့နေ ရတာပဲ” ဆေးစွဲနေတဲ့မကော့နဲ့ သူ့ခင်ပွန်းသည်တို့ဟာ အလုပ်လုပ်ချင်စိတ်တွေ နည်းပါးလာပါတယ်။ အလုပ်လုပ်ဖို့ ကျောက်စိမ်းမှော်ထဲ ရောက်ခဲ့တဲ့သူတို့ လင်မယားဟာ ဘိန်းဖြူသုံးနိုင်ဖို့ မိဘတွေဆီ ပိုက်ဆံလှမ်းတောင်းရတဲ့အထိ ဖြစ်လာတော့ သူတို့ကလေးကို ကျောက်မဲကအဒေါ်တွေအိမ်ကို ပို့ရပါတော့တယ်။    

မြန်မာဟာ အာဖဂန်နစ္စတန်ပြီးရင်ကမ္ဘာ့ ဘိန်းထုတ်လုပ်မှုအများဆုံးနိုင်ငံ ဖြစ်ပြီး အများစုက တိုက်ပွဲတွေဖြစ်နေတဲ့ နယ်စပ်ဒေသတွေမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ စစ်တမ်းတစ်ခုက ဆိုထားပါ တယ်။ အမျိုးသားတွေကြားထဲမှာ မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူအရေအတွက်ဟာ ၈၃,ဝဝဝ ရှိတယ်လို့ ခန့်မှန်းရကြောင်း ပြီးခဲ့တဲ့နှစ် ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

          လူမှုအသိုင်းအဝန်းက မူးယစ်နွံထဲ ရောက်နေသူကို အကူအညီလိုနေသူလို့ မရှုမြင်ကြဘဲ ရာဇဝတ်သားအဖြစ် ကြိုတင်သတ်မှတ်ထားခြင်းဟာလည်း စာရင်းကောက်ယူရာမှာအားနည်းရတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ဆေးသုံးစွဲသူကိုထောင်မချဘဲလူမှုပြစ်ဒဏ်တွေပေးစေတဲ့ဥပဒေပြောင်းလဲရေးဆိုင်ရာလုပ်ငန်းမကြာသေးခင်ကအောင်မြင်သွားတာကတော့ သတင်းကောင်းတစ်ခုပါ။

    ဘန်ကောက်မြို့၊  မဟီဒေါတက္ကသိုလ်မှာမဟာဘွဲ့အတွက် ပညာသင်ကြားခဲ့သူတစ်ဦးဖြစ်တဲ့ မစန်းစန်းထက်ကသူသွားရောက် လေ့လာခဲ့တဲ့ ထိုင်းနိုင်ငံပုဂ္ဂလိကဆေးဖြတ်စခန်းတစ်ခုဖြစ်တဲ့ House of Compassion ကို သဘောကျနေပါတယ်။

   “သူတို့ရဲ့ ဆေးဖြတ်စခန်းတွေက အမျိုးသား၊ အမျိုးသမီးအားလုံးကို ဆေးဖြတ်ပေးရုံတင် မဟုတ်ဘူး၊ လူမှုအသိုင်းအဝိုင်းထဲမှာ ပြန်ပြီး ဝင်ဆံ့နိုင်အောင် ရေရှည်အစီအစဉ်တွေနဲ့ လေ့ကျင့်ပေး တယ်”လို့ မစန်းစန်းထက်က ပြောပါတယ်။

    ထိုင်းအမျိုးသမီးဦးဆောင်ဖွင့်လှစ်ခဲ့တဲ့ ဒီဆေးဖြတ်စခန်းကို အစိုးရနဲ့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ထောက်ပံ့ပေးတယ်၊  မြန်မာနိုင်ငံမှာလည်း စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးတဲ့ စခန်းတွေ ရှိရင် ဆေးစွဲအမျိုးသမီးအများအပြား ကုသမှုခံယူနိုင်မယ်လို့ ပြောပါတယ်

    မြန်မာနိုင်ငံမှာတော့ ယောကျ်ားတွေသာ ဆေးသုံးတယ်၊ ဆေးဖြတ်စခန်းဆိုရင် ယောကျ်ားတွေ နဲ့သာ သက်ဆိုင်တယ်လို့ ယူဆကြတာများပါတယ်။ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ဆေးဖြတ်စခန်းတွေမှာလည်း အမျိုးသားတွေပဲ ရှိနေတာပါ။

မူဝါဒပြောင်းလဲရေး

   အမျိုးသမီးဆေးဖြတ်စခန်းဖွင့်လှစ်ရေးအကောင်အထည် မဖော်နိုင်ရသေးတဲ့ အကြောင်းရင်း ထဲမှာ ဒီလိုစီမံကိန်းအတွက် အမျိုးသမီးဝန်ထမ်းမရှိခြင်းကလည်းအဓိကကျပါတယ်။ အမျိုးသမီးတွေအ တွက် ဒီလိုစခန်းတွေဖွင့်ပေးဖို့အစိုးရကဘတ်ဂျက်ချပေးသင့်တယ်လို့လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်မဲ မြို့ ဆေးဖြတ်စခန်းမန်နေဂျာ ဦးခိုင်ဝင်းက အကြံပြုပါတယ်။

သူ့စခန်းမှာ ကူညီနေတဲ့ ပြည်မြို့ဝက်ထီးကန်စခန်း မန်နေဂျာဦးကျော်ဇင်ဦးကလည်း အလားတူ ပြောဆိုပါတယ်။ “ဆေးဖြတ်ချင်တဲ့ အမျိုးသမီးတွေကိုထားဖို့က ကျွမ်းကျင်တဲ့ အမျိုးသမီး ဝန်ထမ်းတွေ ရှိဖို့လိုတယ်၊ ဆေးဖြတ်နေတဲ့ အမျိုးသမီးတွေထားတဲ့အဆောင်ကို အမျိုးသားဝန်ထမ်း တွေ သွားလို့မရဘူး၊ ဒီတော့ အမျိုးသမီးဝန်ထမ်းတွေကို ဆေးဖြတ်တာနဲ့ပတ်သက်ပြီး လေ့ကျင့်ပေးဖို့ လိုတယ်”လို့ ဦးကျော်ဇင်ဦးက ဆိုပါတယ်။

 အမျိုးသမီးများအတွက် ဆေးဖြတ်စခန်းအစီအစဉ်အတွက် အကန့်အသတ်များ ရှိနေတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစွမ်းရည်ရက ဆိုပါတယ်။ "ဆေးစွဲသူအားလုံးအတွက် ဥပဒေပြောင်းလဲမှုတွေ လုပ်နေပါတယ်။ မူဝါဒပိုင်းဆိုင်ရာပြောင်းလဲမှုတွေ ဆက်လုပ်ဖို့လည်း ရှိပါတယ်။  မူးယစ်ဆေးကိစ္စကကျနော်တို့ ဝန်ကြီးဌာနတစ်ခုတည်း မပြီးဘဲ ရဲတပ်ဖွဲ့နဲ့ ကျန်းမာရေးဘက်တွေနဲ့ လည်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရပါတယ်" လို့ ဦးစွမ်းရည်ရကပြောပါတယ်။

   ဆေးစွဲအမျိုးသမီးတွေဟာ ပထမဆုံးဆေးရုံကိုဆက်သွယ်ရပါတယ်၊ ပြီးမှ ပြန်လည်ထူထောင် ရေး လုပ်ငန်းလုပ်ဆောင်တဲ့ လူမှုဝန်ထမ်းဌာနရဲ့ ဆေးဖြတ်စခန်းကိုသွားကြရတာပါ။ လူမှုဝန်ထမ်းဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးဌာနစု လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးဦးက ဌာနကို ဆေးဖြတ်လိုတဲ့ အမျိုးသမီးရောက်လာတာ မရှိပေမယ့် ဌာနကသူတို့ကိုသွားရောက် ထိတွေ့ ဖြစ်တယ်လို့ ဆိုပါတယ်။

  "စခန်းအခြေပြု ပြန်လည်ထူထောင်ရေးရှိသလို စခန်းကို မရောက်လာနိုင်တဲ့ ဆေးဖြတ်သူတွေ ကိုလည်း ရပ်ထဲရွာထဲသွားပြီး ပြန်လည်ထူထောင်ရေးကူညီပေးတဲ့ အစီအစဉ်လည်း ရှိပါတယ်။ လားရှိုး၊ ကျိုင်းတုံ၊ မြစ်ကြီးနားမှာဆိုရင်တော့ အမျိုးသမီးဆေးစွဲသူတွေကို ကုသထူထောင်ပေးခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်" လို့ ဦးမိုးဦးကဆိုပါတယ်။

    ဆေးဖြတ်စခန်းနဲ့ အဆက်အသွယ် မရရင်တော့ အမျိုးသမီးတွေဟာမူးယစ်နွံထဲကလွတ်ဖို့ တစ်ကိုယ်တော် ရုန်းကန်ရတော့မှာပါ။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာတော့ အဲဒီလိုရုန်းကန်နိုင်ခဲ့တဲ့ သူတစ်ဦး ရှိပါတယ်။

“ကျွန်မနဲ့ဆေးအတူတူသုံးတဲ့လူတွေမှာအဖမ်းခံရတဲ့လူနဲ့သေတဲ့လူတွေဖြစ်ကုန်ပြီ၊ကျွန်မလည်းအငယ်ဆုံးကလေးမွေးပြီးတာနဲ့ကိုယ်တိုင်ရအောင်ဖြတ်လိုက်တယ်”လို့အမည်မဖော်လိုတဲ့ တာချီလိတ် သူက ပြောပါတယ်။

ပတ်ဝန်းကျင်ဖိအား

    မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာအကူအညီတွေကလည်း တဖြည်းဖြည်း လျော့နည်း လာနေတာကြောင့် အစိုးရရဲ့ အကူအညီတွေ တိုးချဲ့ဖို့ လိုအပ်နေတယ်လို့ လူမှုဝန်ထမ်းလုပ်ငန်း ဆောင်ရွက်နေသူတွေ ထောက်ပြကြပါတယ်။ 

   အရှေ့တောင်အာရှ နိုင်ငံအများစုမှာက အမျိုးသမီးတွေက အလိုလိုနေရင်း ခွဲခြားဆက်ဆံ ခံနေရတတ်ပါတယ်။ ဆေးစွဲတဲ့ အမျိုးသမီးတွေကတော့ ခွဲခြားဆက်ဆံမှုကို နှစ်ဆခံရသလိုမျိုး ဖြစ်သွားတတ်ပါတယ်။

ဆးစွဲအမျိုးသမီးတွေကို ဝိုင်းဝန်းကူညီဖို့ လိုအပ်တယ်လို့  မူးယစ်ဆေးဝါးမူဝါဒပြောင်းလဲခြင်း ထောက်ခံဆွေးနွေးရေးအဖွဲ့ (မြန်မာ) အဖွဲ့မှ ဒေါက်တာ နန်းပန်းအိခမ်းက ပြောပါတယ်။

“မူးယစ်ဆေးသမားတွေဟာလည်းလူထဲကလူ ဖြစ်တာမို့လို့ သူတို့ လမ်းကြောင်းမှန် ပြန်ရောက် စေဖို့ ပတ်ဝန်းကျင်ရဲ့ ကူညီမှု လိုအပ်နေတယ်”လို့ ဒေါက်တာနန်းပန်းအိခမ်းကပြောပါတယ်။

   ကျောက်မဲမြို့အခြေပြုမြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဋ္ဌ ဦးတင် မောင်သိန်းက ဆေးစွဲနေတဲ့အမျိုးသမီးတွေကိုကူညီဖို့ဆန္ဒ ရှိကြပေမယ့် သူတို့တွေ ဆေးဖြတ်စခန်း ရောက်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

  “မိန်းကလေးဆိုတာက သိုသိုသိပ်သိပ်နေတာလေ၊ အမေတွေကအစ ကိုယ့်သားသမီးဆေးစွဲ နေပြီဆို ဖုံးဖိလိုက်ကြတာမျိုး၊ ပြီးတော့ မိန်းကလေးသဘာဝအရ ဒီလိုဆေးဖြတ်ပေးတဲ့ အလုပ်မျိုးကို ဘယ်မိန်းကလေးက လာသင်မှာလဲ”လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။

   ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ကျောက်မဲမြို့ ဆေးဖြတ်စခန်းကို ရောက်လာတဲ့ မူးယစ် ဆေးစွဲသူပေါင်း ၃,ဝ၂၁ ဦးထဲမှာ အမျိုးသမီးက ၈ ဦးသာ ရှိပါတယ်။ အဲ့ဒီထဲမှာမှ မကော့ကတစ် ယောက် အပါအဝင်ပါ။

   သားတစ်ယောက်ရပြီးကတည်းက ဘိန်းစားဖြစ်လာပြီး သားဖြစ်သူ တက္ကသိုလ်ဝင်တန်းအရွယ် ရောက်လာချိန်မှာ မူးယစ်နွံထဲက ရအောင်ရုန်းထွက်နေသူ မကော့မှာ တခြားအမျိုးသမီး၊ အမျိုးသား တွေအတွက် အထူးသတိပေးစရာတစ်ခု ရှိနေပါတယ်

“(မူးယစ်ဆေး) လုပ်ပြီးမှ ပြန်ဖြတ်ရင်မလွယ်ဘူးလေ။ ဒါကြောင့် အစကတည်းက မလုပ်ကြပါ နဲ့”လို့ မကော့ကမျက်ရည်တွေ တစ်လိမ့်ချင်းကျလာတဲ့ကြားကနေ အားတင်းရင်းပြောလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly